ကနောင်နယ်မြေရဲစခန်း ဗုံး ၇လုံးဖြင့် ပစ်တိုက်ခိုက်ခံရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

ကနောင်နယ်မြေရဲစခန်း ဗုံး ၇လုံးဖြင့် ပစ်တိုက်ခိုက်ခံရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

နိုဝင်ဘာ ၂၅

မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်ရှိ ကနောင်တိုက်နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်၊ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်အချိန်က နယ်မြေရဲစခန်းကို ဗုံး ခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို Red Dragon Revolution Force (နဂါးနီတော်လှန်ရေးတပ်ဖွဲ့) ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံရဲများ ထိခိုက်ဒဏ်ရာရရှိမှုရှိနိုင်ကြောင်း နဂါးနီတော်လှန် ရေးတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ထားသည်။

ကနောင်နယ်မြေရဲစခန်းအား လက်လုပ်ဗုံးသီးပစ်လောင်ချာဖြင့် ငါးချက်ပစ်ခတ်ခဲ့သည့်အပြင် ၊လက်လုပ်လက်ပစ် ဗုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ ၁၀မိနစ်ခန့် အပြန် အလှန်ပစ်ခတ်မှုများရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့နောက် ရဲစခန်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲများနှင့် အပြန်အလှန်ပစ်ခတ်ရင်း လက်နက်အင်အား၊ လူအင်အားမမျှသဖြင့် ရဲများဝိုင်းဝန်းပစ်ခတ်နေသည့်ကြားမှ ထိခိုက်ဒဏ်ရာမရရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

"ဗုံးပေါက်တာတွေ၊ ပစ်ခတ်တာတွေဖြစ်ပြီး ညပိုင်းမှာတင် စစ်ကား လေးစီးဆင်းလာပြီး PDF တွေနောက်ကို လိုက်သေးတယ်။ ကလေးတွေအားလုံးလွတ်သွားကြတယ်လို့ သတင်းကြားပါတယ်"ဟု မြန်အောင်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ယမန်နေ့ ညပိုင်းက ရောက်ရှိနေသည့် စစ်ကောင်စီတပ်များ မြန်အောင်မြို့နယ်၊ ကနောင်တိုက်နယ်နှင့် အနီးပတ်ဝန်းကျင်ရွာများတွင် ရှိနေသေးသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

အဆိုပါဖြစ်စဥ်များနှင့်ပတ်သက်၍ Red Dragon Revolution Force (နဂါးနီတော်လှန်ရေးတပ်ဖွဲ့)အား မဇ္စျိမ က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#နဂါးနီတော်လှန်ရေးတပ်ဖွဲ့

#ကနောင်တိုက်နယ်

#မြန်အောင်မြို့နယ်

#လောင်ချာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly