ခင်ဦးမြို့နယ် မုံလှရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ပစ်ခတ် အရပ်သားပြည်သူ သေဆုံးမှုများရှိ

ခင်ဦးမြို့နယ် မုံလှရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ပစ်ခတ် အရပ်သားပြည်သူ သေဆုံးမှုများရှိ

နိုဝင်ဘာ ၂၅

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မုံလှ ကျေးရွာနှင့် အနီးတစ်ဝိုက်ကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ဒေသကာကွယ်ရေးရဲဘော် တစ်ဦး နှင့် အရပ်သား ပြည်သူတစ်ချို့ထိခိုက်သေဆုံးမှုများရှိကြောင်း Khin U Special Force Organization KSO က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ကန့်ဘလူနယ် ကျောက်တိုင်နှင့် ကျီစုရွာတို့ကို မီးရှို့ဖျက်စီးခဲ့သောအင်အား ၁၀၀ကျော်ပါ စစ်ကြောင်းသည် နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်း ရေဦးနယ် ပင်စိမ်းကင်းရွာဟောင်းဘက်မှ ချောင်းဦးမြို့နယ် မုံလှရွာဘက် တက်လာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားရာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အများအပြား သေဆုံးရာမှ စတင်ကြောင်း KSO က တာဝန်ရှိသူက ဆိုသည်။

“ ကျတော်တို့တွေ အသင့်လုပ်ထားတဲ့ မိုင်းကွင်းကြီးမှာ စစ်ကောင်စီတပ်သားတွေ အပုံလိုက်ဝင်လာချိန်မှာ မိုင်းဆွဲလိုက်လို့ အတုံးအရုံးလဲကျကုန်တယ်၊ အဲ့အထဲမှာ အကောင်ကြီးလည်းပါတယ်။ အဲ့မှာ နောက်မှာ ကျန်တဲ့ စစ်သားတွေက လာကောက်တယ်၊ ကျတော်တို့က အကောက်မခံဘူး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေလို့ ကောက်လို့ မရတဲ့အခါ လေယာဉ်ပစ်ကူတောင်းတာ “ ဟု KSO က တာဝန်ရှိသူက ပြောသည်။

မုံရွာ နမခ ကလာရောက်ပစ်ခတ်သည့် Mi-35 ရဟတ်ယာဉ်သည် မုံလှကျေးရွာ နှင့်အနီးတစ်ဝိုက် ကာကွယ်ရေးတပ်များ ရှိမည်ထင်သည့်နေရာများကို တစ်နာရီကြာပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

"ရဟတ်ယာဉ်နှင့်ပစ်ခတ်မှုကြောင့် ကာကွယ်ရေးအဖွဲ့တွေ ကွဲသွားပြီး ပိတ်မိနေတဲ့ ရဲဘော်တွေလည်းပိတ်မိနေတယ်၊ ကျဆုံးရဲဘော် တစ်ဦး ရှိတယ်။ လုံး၀ အဆက်အသွယ်မရသေးတဲ့ ရဲဘော် လေးဦးရှိတယ် “ ဟု KSO က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်တပ်က ရဟတ်ယာဉ်ပေါ်မှ ဗုံးများဖြင့်ပစ်ခတ်ခဲ့သလို လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူ နှစ်ဦးလည်း သေဆုံးသွားကြောင်းသိရသည်။

ရဟတ်ယာဉ်နှင့် လေကြောင်းကနေ တိုက်ခိုက်ပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံလိုက်ရသည့် စစ်ကောင်စီစစ်ကြောင်းသည် မုံလှရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် မုံလှရွာကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ အထိ မီးရှို့နေဆဲဖြစ်ကြောင်း သိရသည်။

ယင်းမတိုင်ခင်က ရေဦးဘက်ခြမ်းမှာ ရှိတဲ့စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးနဲ့ပစ်ကူခဲ့လို့ ကာကွယ်ရေး ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ အမျိုးသမီး တစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - ခင်ဦးသတင်းမှန် ပြန်ကြား၇ေး(ခင်ဦး မြို့နယ်အတွင်းက ကျေး၇ွာ တစ်ခုမီး၇ှို့ခံနေ၇စဥ်)

#mizzima

#ခင်ဦးမြို့နယ်

#လက်နက်ကြီးကျည်

#KSO

#ရဟတ်ယာဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly