ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်တွင် အဖျက်သမားများက နောက်ထပ် မိန်းကလေးစာသင်ကျောင်းကို မီးရှို့ရန် ကြိုးပမ်း

ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်တွင် အဖျက်သမားများက နောက်ထပ် မိန်းကလေးစာသင်ကျောင်းကို မီးရှို့ရန် ကြိုးပမ်း

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယား၏ ဂီဂစ် ဘောလ်တီစတန်ဒေသ ဒီယာမာခရိုင်၌ မိန်းကလေးစာသင်ကျောင်းတစ်ကျောင်း မီးရှို့ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ပြီး ရက်အနည်းငယ်အကြာ ဂီဇာခရိုင်ရှိ နောက်ထပ် မိန်းကလေးစာသင်ကျောင်းတစ်ကျောင်းကိုလည်း အဖျက်သမားတချို့က မီးရှို့ရန် ထပ်မံကြိုးစား ခဲ့ကြောင်း ပါကစ္စတန်၏ တိုင်းရင်းမီဒီယာများက ဖော်ပြသည်။

ယခုဖြစ်စဉ်တွင် ဂန်ဒါ-အီ-ယက်ဆင် ဧရိယာရှိ စာသင်ကျောင်း၏ တံခါးသာ မီးလောင်ခဲ့ပြီး နံရံတွင် ‘GB-atank’ ဟု ရေးထားသည့် စာတန်းတစ်ခုကို တွေ့ရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သူကမှ အမှုဖွင့်တိုင်ကြားခြင်း မရှိဘဲ ယခုဖြစ်စဉ်သည် ထိခိုက်နစ်နာစေရန် ရည်ရွယ်သည့် အကြမ်းဖက်လုပ်ရပ်တစ်ခု ဖြစ်ကြောင်း ရဲများက ထုတ်ဖော်ထားသည်ဟု တိုင်းရင်းမီဒီယာက ဖော်ပြသည်။

ဂီဂစ် ဘောလ်တီစတန်၏ ဒီယာမာခရိုင်ရှိ မိန်းကလေးစာသင်ကျောင်း မီးရှို့ဖျက်ဆီးခံရပြီးနောက် သီတင်းတစ်ပတ်အကြာတွင် ယခုဖြစ်စဉ် ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဒီယာမာခရိုင်ရှိ မိန်းကလေးစာသင်ကျောင်းကို မီးရှို့တိုက်ခိုက်သည့် လုပ်ရပ်အပေါ် စိုးရိမ်ထိတ်လန့်မိကြောင်း ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင် (HRCP) က ထုတ်ဖော်သည်။

အဆိုပါ လုပ်ရပ်ကို အကြမ်းဖက်သမားများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသတာဝန်ရှိသူများက ပြောပြီး ပညာရေးအဖွဲ့အစည်းများကို လုံခြုံရေး ပံ့ပိုးဆောင်ရွက်မည်ဟု ကတိပြုခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ဂီဂစ် ဘောလ်တီစတန် ဒေသအစိုးရအနေဖြင့် ဒေသတွင် ကလေးများ၏ ပညာသင်ယူခွင့်ကို အသေအချာ ကာကွယ်ပေးနိုင်ရေး လုပ်ဆောင်ရန် HRCP က ထုတ်ပြန်ချက်တစ်ရပ်တွင် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly