မန္တလေးတွင် လူလတ်ပိုင်းအမျိုးသမီးတစ်ဦး အက်ဆစ်ဖြင့် လောင်းပက်ခံရ

မန္တလေးတွင် လူလတ်ပိုင်းအမျိုးသမီးတစ်ဦး အက်ဆစ်ဖြင့် လောင်းပက်ခံရ

နိုဝင်ဘာလ ၂၄ ရက်

မန္တလေးမြို့လယ်ခေါင်မီးပွိုင့်အနီးတွင်၊ အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦး ယမန်နေ့ညနေပိုင်းက၊ အက်ဆစ်ဖြင့်လောင်းပက်ခံလိုက်ရကြောင်း သတင်းရရှိသည်။

“သူ့အနောက်ကနေလိုက်လာတဲ့ လူနှစ်ယောက်က၊ အက်ဆစ်နဲ့ခေါင်းကနေလောင်းချပြီးထွက်ပြေးသွားတာ” ဟု လူမှုကူညီရေးအသင်း၀င် တစ်ဦးကပြောသည်။

ယမန်နေ့ နို၀င်ဘာ ၂၃ ရက် ညနေ ၅ နာရီခွဲခန့်က၊ မဟာအောင်မြေမြို့နယ် ၃၆ လမ်းနှင့် ၇၈ လမ်းထောင့်မီးပွိုင့်အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မျက်မြင်များအပြောအရ ၎င်းအမျိုးသမီးအား ဆိုင်ကယ်စီး လူနှစ်ဦးက အနောက်ကနေ လိုက်လာပြီး ဦးခေါင်းပေါ်ကနေ အက်ဆစ်ဖြင့်လောင်းပက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အက်ဆစ်ဖြင့်လောင်းပက်ခံရမှုကြောင့် ၎င်းအမျိုးသမီး၏ ဦးခေါင်း မျက်နှာနှင့်ခန္ဓာကိုယ် အပေါ်ပိုင်းတို့တွင်၊ အပူလောင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တာကြောင့် ရွှေချည်စေတနာ ရှာဖွေကယ်ဆယ်ရေးအသင်းပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် နေ့စဉ်နှင့်အမျှ၊ ထူးခြားဖြစ်စဉ်မှုခင်းမျိုးစုံ ဖြစ်ပွားလျက်ရှိပြီး၊ အက်ဆစ်နှင့်လောင်းပက်ခံရမှုဖြစ်စဉ်ကတော့ ပထမဆုံးအကြိမ်ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly