နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေး စူးစမ်းလေ့လာမှုပြုရန် စစ်ကောင်စီနှင့် ရုရှားတို့ MOU ရေးထိုး

နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေး စူးစမ်းလေ့လာမှုပြုရန် စစ်ကောင်စီနှင့် ရုရှားတို့ MOU ရေးထိုး

နိုဝင်ဘာလ ၂၄ ရက်

နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စူးစမ်းလေ့လာ တိုင်းတာမှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံရှိ Rosatom ကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ ရက်နေ့တွင် ရုရှားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ၁၂ ကြိမ်မြောက် “ နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်” ဒုတိယနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံနှင့်ပူးပေါင်းပြီး နျူကလီးယားနည်းပညာသုံး အသေးစား ဓာတ်အားပေးစက်ရုံ SMR အပြင်၊ အသေးစား ရေအားနှင့် လေအား လျှပ်စစ်ထုတ်လုပ်မှုများတွင်လည်း ပူးပေါင်းဆောင်ရွက် လိုကြောင်း စစ်ကောင်စီခန့် လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်က ပြောသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများ၌ ကမ်းလွန်လုပ်ကွက်များစွာရှိပြီး ရေအား အရင်းအမြစ်များ၊ ဆိုလာနှင့် လေအားထုတ်လုပ်နိုင်သည့် နေရာများစွာရှိသည့်အတွက် လာရောက် ရင်းနှီးမြှုပ်နှံကြရန်လည်း စစ်ကောင်စီဘက်က ဖိတ်ခေါ်ခဲ့သည်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလအတွင်း၌ ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ၇ ကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ် ခရီးစဉ်ကိုသွားရောက်ခဲ့သည်။

အဆိုပါဖိုရမ်တွင် နျူကလီးယားစွမ်းအင်အသုံးပြု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း အပါအဝင် သိပ္ပံနှင့်သုတေသန စမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အသုံးပြုဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြသည်။

ခရီးစဉ်နောက်ပိုင်းတွင် လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရေးအတွက် စတင် ပြင်ဆင်လာကြခြင်းလည်းဖြစ်သည်။

သို့သော် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စူးစမ်းလေ့လာ တိုင်းတာမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ မည်သည့်နေ့ရက်၊ မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ဆောင်ရွက်မည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုမူ စစ်ကောင်စီဘက်မှ ဖော်ပြထားခြင်းမရှိသည်ကို တွေ့ရသည်။

စာတည်း ။ ။ စိုးသူအောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly