ရန်ကုန်၊ ဇွန် ၂၉ ။ ။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)က ပြည်နယ်နှင့်တိုင်းများတွင် ဖြန့် ကျက် ဖွဲ့စည်းမည့် ကွန်ရက် အကြောင်းအရာကို အဓိကထားဆွေးနွေးမည့် ဆွေးနွေးပွဲကို မန္တလေးတိုင်း ဒေသကြီးတွင် သြဂုတ် လအတွင်း ကျင်းပသွားမည်ဟု NNER အဖွဲ့ဝင် ဒေါက်တာ အာကာမိုးသူက မဇ္ဈိမကိုပြောသည်။
ဒေါက်တာအာကာမိုးသူက “ သက်ဆိုင်ရာ နက်ခ်ဝက်တွေကနေ သူ့ဟာနဲ့သူ ဖြစ်ပေါ်လာအောင်လုပ်ကြမယ်။ ဆောင်ရွက်တဲ့ အခါမှာ ဘာအကူအညီပေးရမလဲဆိုတာပဲ ကျွန်တော်တို့က ပံပိုးပေးမယ်။ ဝင်ရောက်ခြင်း၊ သြဇာေ ပးခြင်း၊လွှမ်းမိုးခြင်း၊ ချုပ်ကိုင်ခြင်း ပြုလုပ်မှာမဟုတ်ပါဘူး။ စနစ်တကျဖြစ်အောင်ပဲ လုပ်မှာပါ။” ဟုပြော သည်။
တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ကွန်ရက်များပေါ်လာရန် သက်ဆိုင်ရာဒေသရှိ ပညာရေးအဖွဲ့ အစည်းများက ပူးပေါင်းဆွေးနွေး ပြီး မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည် ဟုလည်း ဒေါက်တာ အာကာမိုးသူက ဆို သည်။
တိုင်းနှင့်ပြည်နယ်အသီးသီးရှီ NNER ကွန်ရက်ကိုယ်စားလှယ်များသည် သုံးလတစ်ကြိမ်တွေ့ဆုံ၍ ပညာရေး သုတေသန လုပ်ငန်းများ၊ သတင်းဖြန့်ချီရေး၊စောင့်ကြည့်လေ့လာရေး၊ နိုင်ငံတကာနှင့်ဆက်သွယ်ရေး၊ သင်တန်းရေးရာ၊ ဥပဒေရေးရာများကို ကျွမ်းကျင်မှုအလိုက်လုပ်ငန်းခွဲဝေဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း NNER အဖွဲ့ဝင်ဒေါက်တာသိန်းလွင်က NNER၏ ဒုတိယအကြိမ် ညီလာခံအပြီးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားဖူးသည်။
NNER အဖွဲ့ဝင် ဦးစိုးထွန်းက “NNER ညီလာခံရဲ့ နောက်ဆက်တွဲဆွေးနွေးပွဲပါ။ အဓီကက ကွန်ရက် ဆက်သွယ်မှု အားကောင်းအောင် ချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ဖို့ပါ”ဟုပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နယ်အသီးသီးမှ NNER ကိုယ်စားလှယ် ၅၀၀ ခန့်တက်ရောက်မည်ဟု ခန့်မှန်းထားပြီး ပညာရေးနှင့် ပတ်သက် သည့် ဆောင်ရွက်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆို သည်။
ယင်းအပြင် NNER ၏ ဒုတိယအကြိမ် ညီလာခံ ဆုံးဖြတ်ချက်အရ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် စပ်လျဉ်းသည့် သဘောထားမှတ်ချက်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဇွန်လ ၂၉ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့သေးသည်။
သဘောထားမှတ်ချက်တွင်ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် လေးပွင့်ဆိုင်သဘောတူညီချက်များနှင့် ကွဲလွဲမှု များရှိနေသည်ဟု ဖော်ပြထား သည့်အပြင် လေးပွင့်ဆိုင်ဆွေးနွေး ပွဲတွင် သဘောတူညီခဲ့သည့်အတိုင်း ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုထားသည်။
အစိုးရကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းသားကိုယ်စားလှယ်များနှင့် NNER ကိုယ်စားလှယ် များပါဝင် သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ကျင်းပခဲ့သည်။