ပါကစ္စတန်-အာဖဂန် နယ်စပ် ပြန်ဖွင့်ရေးကိစ္စ ပြေလည်မှု မရသေး

ပါကစ္စတန်-အာဖဂန် နယ်စပ် ပြန်ဖွင့်ရေးကိစ္စ ပြေလည်မှု မရသေး

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြား နယ်စပ် ချာမန်းအရပ်ရှိ ချစ်ကြည်ရေးဂိတ်ကို ဆက်လက် ပိတ်ထားဆဲဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်က အဆိုပါ နယ်စပ်ကို ပြန်ဖွင့်နိုင်ရေး အာဖဂန်တာလီဘန်တို့က ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်က အာဖဂန်နစ္စတန်ဘက်မှ လက်နက်ကိုင်အမျိုးသားများက နှစ်နိုင်ငံနယ်စပ်ရှိ ချစ်ကြည်ရေးဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့သည့်အတွက် ပါကစ္စတန်စစ်သားတစ်ဦး သေဆုံးသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဖဂန်တာလီဘန်အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ချာမန်းနယ်စပ်သို့ သွားရောက်ပြီး ပါကစ္စတန် လုံခြုံရေးတာဝန်ရှိသူများကို နှစ်သိမ့်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

အာဖဂန်တာလီဘန် ကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေးဂိတ်သို့ သွားရောက်စဉ် နယ်စပ်၌ တာဝန်ကျသော ပါကစ္စတန်တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြသည်။ ပါကစ္စတန်စစ်သား သေဆုံးမှုဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်းနှင့် ထိုဖြစ်စဉ်က ကံမကောင်းသည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း အာဖဂန်တာလီဘန်တို့က ပြောသည်။

လက်ရှိတွင် ချာမန်းနယ်စပ် ပိတ်ထားမှုနှင့်ပတ်သက်ပြီး အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့သည် တစ်ဖက်နှင့် တစ်ဖက် ဆက်သွယ်ညှိနှိုင်းလျက် ရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။

သို့သော် ပစ်ခတ်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သူများကို အာဖဂန်တာလီဘန်တို့က ပါကစ္စတန်ဘက်သို့ လွှဲအပ်ခြင်း မရှိသေးသည့်အတွက် နယ်စပ် ပြန်ဖွင့်ရေးကိစ္စနှင့်ပတ်သက်ပြီး တိုးတက်မှု မရှိဘဲဖြစ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required