Cobra စစ်ကြောင်းထောက်ပို့ကား ခြုံခိုတိုက်ခိုက်ခံရပြီး ၃ဦးသေဆုံး

Cobra စစ်ကြောင်းထောက်ပို့ကား ခြုံခိုတိုက်ခိုက်ခံရပြီး ၃ဦးသေဆုံး

နိုဝင်ဘာလ ၂၃ ရက်

ကရင်ပြည်နယ် KNUတပ်မဟာ(၆)နယ်မြေ၊ မြဝတီ-ဝေါ်လေကားလမ်းမပေါ်ရှိ နေရာတစ်နေရာတွင် KNLA တပ်ရင်း(၂၇) လက်အောက်ခံ Cobra စစ်ကြောင်း၏ ထောက်ပို့ကားကို နိုဝင်ဘာလ ၂၂ရက်နေ့က စစ်ကောင်စီတပ်မှ ကြားဖြတ်ခြုံခိုတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာသူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း KNLAနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“ သူတို့ အပြန်မှာ တိုက်ခိုက်ခံရတာပါ၊ အရင်က Cobra ကင်းရှိတယ်၊ အဲ့နေရာမှာ၊ စကစ(စစ်ကောင်စီ)က လျှိုထဲကနေတက်လာပြီး စောင့်တိုက်တာပါ၊ စက်လတ်တွေနဲ့ပစ်တယ် လက်နက်ကြီးတွေနဲ့လည်းပစ်တယ်၊ ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ အလောင်းတွေကိုတော့ ဒီနေ့ပြန်ရတယ်။ သင်္ဂြိုဟ်ပြီးသွားပါပြီ” ဟု KNLAနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရပြီး သေဆုံးသူများသည် အမျိုးသမီး နှစ်ဦး၊ အမျိုးသား တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်ခံရမှုအခြေနေကို Cobra စစ်ကြောင်းမှ တာဝန်ရှိသူကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့ မရသေးပေ။

ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကို မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ စစ်ကောင်စီတပ်သည် မြဝတီ-ဝေါ်လေကားလမ်းကို ထိန်းချုပ်နိုင်ရန် စစ်အင်အားအလုံးအရင်းဖြင့် လေးလကြာတိုက်ခိုက်နေပြီး Cobra စစ်ကြောင်းမှ ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly