UNHCR ခိုလှုံရေး အသိအမှတ်ပြုကဒ် လျှောက်ထားနိုင်ကြောင်း “ခိုလှုံရေးတောင်းခံမှု မြန်မာရုံးခွဲ" အမည်ဖြင့် Facebook Page အတုထွက်ပေါ်

UNHCR ခိုလှုံရေး အသိအမှတ်ပြုကဒ် လျှောက်ထားနိုင်ကြောင်း “ခိုလှုံရေးတောင်းခံမှု မြန်မာရုံးခွဲ" အမည်ဖြင့် Facebook Page အတုထွက်ပေါ်

နိုဝင်ဘာ ၂၃

မဇ္ဈိမ။ ။လူမှုကွန်ရက်စာမျက်နှာတွင် "ခိုလှုံရေးတောင်းခံမှု မြန်မာရုံးခွဲ" အမည်ဖြင့် Facebook Page အတုတစ်ခု ထွက်ပေါ်နေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတချို့ထံက သိရသည်။

အဆိုပါ Facebook Page အတုတွင် UNHCR ခိုလှုံရေး အသိအမှတ်ပြုကဒ် လျှောက်ထားနိုင်သည်ဟု ရေးသားဖော်ပြထားပြီး ထိုသို့လျှောက်ထားပါက လူတွေ့ အင်တာဗျူးပြုလုပ်ရန် လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များအား လိုအပ်သည့်အတွက် Facebook Messenger မှတစ်ဆင့်ကြိုတင်ပေးပို့ရန် ရေးသားထားသည်ဟု သိရသည်။

ထို့အပြင် "မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ ကျူးလွန်ဖောက်ဖျက်ခံရသည့် လူအခွင့်အရေးများအား မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအား ကူညီပေးရန် UNHCR (မဲဆောက်-မြန်မာ ဒုက္ခသည် ကူညီရေးစခန်း)မှ ကူညီရန် အဆင်သင့်ရှိပါသည်" ဟု အဆိုပါ Page ၌ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ UNHCR ရုံးအား ဆက်သွယ်မေးမြန်းရာ "ခိုလှုံရေးတောင်းခံမှု မြန်မာရုံးခွဲ" ဆိုသည့် Facebook Page မှာ အတုသာဖြစ်ပြီး အဆိုပါ Facebook Page အား မည်သူက မည်သည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်ကို ၎င်းတို့အနေဖြင့် မသိရှိကြောင်း၊ အဆိုပါ Page အတုအား Facebook Team သို့တင်ပြကာ ဖျက်ချလိုက်ပြီဖြစ်ကြောင်း မဇ္ဈိမကိုပြောသည်။

"မနေ့က မြန်မာနိုင်ငံသား ၂၀ ကျော်လောက် မဲဆောက် UNHCR ရုံးကို ရောက်လာပြီး အဲဒီ Page အကြောင်းမေးတယ်။ ဒါက အတုဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ရှင်းပြလိုက်ပါတယ်" ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ UNHCR ရုံးလုံခြုံရေးဝန်ထမ်း တစ်ဦးကဆိုသည်။

UNHCR Thailand ၏ လူမှုကွန်ရက်စာမျက်နှာတွင်မူ"UNHCR Myanmar အမည်နှင့်အတူ အဖွဲ့အစည်း၏ အမှတ်တံဆိပ်(Logo) တို့ကိုအသုံးပြု၍ လူမှုကွန်ရက် စာမျက်နှာတွင် တရားမဝင်သတင်းများဖြန့်ဝေအသုံးပြုလျက်ရှိကြောင်းတွေ့ရှိခဲ့သည်။

UNHCR သည် ယင်းစာမျက်နှာတွင် မျှဝေထားသည့် သတင်းအချက်အလက်များ နှင့် မည်သို့မျှ ဆက်စပ်ပတ်သက်ခြင်းမရှိပါ။ ကျေးဇူးပြု၍ ယခုဖော်ပြပါ UNHCR စာမျက်နှာတွင် UNHCR Myanmar နှင့် UNHCR Thailand တို့၏ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ သတင်းများ ဖြန့်ဝေခြင်းနှင့် လက်ခံရယူမှုများ လုပ်ဆောင်လျက်ရှိပြီး နှစ်နိုင်ငံလုံးရှိ UNHCR ၏ ဖေ့ဘုတ်စာမျက်နှာတွင် အပြာရောင်အမှတ်အသား (Blue verification) ပါရှိသည်။

"အဆိုပါတရားမဝင်စာမျက်နှာရှိ သတင်းများကို ပြန်လည်မျှဝေမှုမလုပ်ဆောင်မီ ကျေးဇူးပြု၍ သတိပြုပေးပါရန် အသိပေးအပ်ပါသည်" ဟု ယမန်နေ့ ညပိုင်းတွင် UNHCR ကထုတ်ပြန်ခဲ့သည်။

"ဒါက ဒီဘက်မှာရောက်နေတဲ့ လူတွေရဲ့ အချက်အလက်တွေကိုသိချင်လို့ စစ်ကောင်စီဘက်က လုပ်တာလည်း ဖြစ်နိုင်သလို၊ ငွေညှစ်ချင်တဲ့ လူတစ်ယောက်ယောက်က လုပ်နေတာလည်းဖြစ်နိုင်တယ်။ အဓိကကတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက် အလက်တွေကို အဖွဲ့အစည်း တစ်ခုခုက တောင်းလာပြီဆိုရင် သိတဲ့တတ်တဲ့ လူတွေကိုမေးပြီး အတည်ပြုပြီးမှပေးသင့်ပါတယ်"ဟု မဲဆောက်ရောက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတစ်ဦးကသုံးသပ်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#UNHCR

#ခိုလှုံရေးတောင်းခံမှုမြန်မာရုံးခွဲ

#FacebookPageအတု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly