မြိုင်မြို့နယ် ဗဟင်းကျေးရွာရှိ နေအိမ် ၅၃ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မြိုင်မြို့နယ် ဗဟင်းကျေးရွာရှိ နေအိမ် ၅၃ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

နိုဝင်ဘာလ ၂၂ ရက်

စစ်ကိုင်းတိုင်း ၊ မြိုင်မြို့နယ်အနောက်ဘက်ခြမ်းရှိ ဗဟင်းကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၁ ရက် နံနက် ၉ နာရီခန့်က စတင်မီးရှို့ ခဲ့ကြောင်း သိရသည်။

ခန့်မှန်းအင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရေစကြိုဘက်မှ ထွက်ခွာလာပြီး အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ဗဟင်းကျေးရွာမှ ပြည်သူပိုင်နေအိမ် ၅၃ လုံးကို မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ ရွာကိုတော့ နံနက်ပိုင်း ၉ နာရီလောက်မှာ မီးရှို့တယ်။ မနက်တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ် ရှို့ပါတယ်။ အခုလက်ရှိအခြေနေအထိ ကျွန်တော်တို့ ရေတွက်ကြည့်တာတော့ နေအိမ် ၅၃ လုံး လောက် မီးလောင်ပြာကျသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ ပြည်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သည် ဗဟင်းကျေးရွာအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ရဲမိသားစုဝင်များကို ခေါ်ဆောင်သွားကာ ရဲစခန်းကိုလည်း ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာသွားပြီးနောက် ဗဟင်းကျေးရွာအတွင်း မိုင်းရှင်း လင်းရေး လုပ်ဆောင်နေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ၎င်းတို့ ထောင်ထားခဲ့သည့် နင်းမိုင်းမိ၍ ခြေထောက် တစ်ဖက် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ဒေသခံများထံက သိရသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly