ငွေသားသန်းချီ ထုတ်ယူနေသည့် ရန်ကုန်ရှိ ရွှေလုပ်ငန်းရှင် ၇ ဦးအား စစ်ကောင်စီ စစ်ဆေးမည်

ငွေသားသန်းချီ ထုတ်ယူနေသည့် ရန်ကုန်ရှိ ရွှေလုပ်ငန်းရှင် ၇ ဦးအား စစ်ကောင်စီ စစ်ဆေးမည်

နိုဝင်ဘာလ ၂၂ ရက်

ငွေသားသန်းချီထုတ်ယူနေသည့် ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင် ခုနစ် ဦးအား စစ်ကောင်စီဘက်မှ စစ်ဆေးရန်ရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ရွှေလုပ်ငန်းရှင် ခုနစ် ဦးသည် ပြီးခဲ့သည့်အောက်တိုဘာလနှင့် ယခု ရက်ပိုင်းအတွင်း CB Bank နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့မှ ငွေသားသန်းချီ ထုတ်ယူနေခြင်းကြောင့် စစ်ကောင်စီ၏ ရွှေဈေးကွက် စောင့်ကြည့် ထိန်းသိမ်း ကြပ်မတ်ရေးဆပ်ကော်မတီမှ ရန်ကုန်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ထံ လျှို့ဝှက်စာဖြင့် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

"စာအရဆိုရင် ရွှေလုပ်ငန်းရှင် ခုနစ် ဦးရဲ့စုစုပေါင်းထုတ်ယူမှုဟာ သန်း ၄၉၀ နီးပါး ထုတ်ယူထားတာ။ ဒါကိုစုံစမ်းစစ်ဆေးဖို့ညွှန်ကြားတာမျိုးပေါ့။ နိုဝင်ဘာ ၁၈ ရက်စွဲနဲ့ လျှို့ဝှက်ညွှန်ကြားစာပြန့်နေတာ ဟုတ်ပါတယ်" ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင် တစ်ဦးက မဇ္ဈိမကို ပြောသည်။

အွန်လိုင်းပေါ်တွင်ပျံ့နှံ့ခဲ့သည့် အဆိုပါညွှန်ကြားစာတွင် ရွှေလုပ်ငန်းရှင် ခုနစ်ဦး၏ အမည်များကို ကွယ်ဝှက်ထားပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

"စုံစမ်းစစ်ဆေးပြီးတဲ့အခါ အသင်းဘက်ကနေ တရားဝင်ကြေညာတာ မျိုးစီစဉ်ပါ လိမ့်မယ်။ လက်ရှိကတော့ လုံခြုံရေးအရ ထုတ်ပြောလို့မဖြစ်လို့ပါ" ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ လအတွင်းက နိုင်ငံတွင်း ကုန်ပစ္စည်းရောင်းခြင်း၊ ဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ ငွေလွှဲခြင်း၊ ဝန်ဆောင်မှု အတွက် ငွေပေးချေခြင်းနှင့် အခြားငွေပေး ချေမှုများကို တစ်ကြိမ်လျှင် ငွေသားဖြင့် ပေးချေမှု သိန်း ၂၀၀ ထက်မပိုစေရန်နှင့် ထိုပမာဏထက် ပိုသည့် ပေးချေမှုများကို ဘဏ်စနစ်ဖြင့် အသုံးပြု၍ ပေးချေရန် ညွှန်ကြားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီလက်အောက်ရှိဘဏ်များနှင့်ပုဂ္ဂလိကဘဏ်များထံမှ ငွေကျပ် သိန်း ၂၀၀ အထက်မှ သိန်းထောင်ချီ ထုတ်ယူနေမှုများသည် အထက်ပါညွှန်ကြားစာအား ချိုးဖောက်သည်ဟု ဆိုကာ လိုက်လံ ဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly