တရုတ်နိုင်ငံအလယ်ပိုင်း၌ စက်ရုံမီးလောင်မှုကြောင့် လူ ၃၈ ဦး သေဆုံး

တရုတ်နိုင်ငံအလယ်ပိုင်း၌ စက်ရုံမီးလောင်မှုကြောင့် လူ ၃၈ ဦး သေဆုံး

နိုဝင်ဘာလ ၂၂ ရက်

တရုတ်နိုင်ငံ အလယ်ပိုင်းရှိ စက်ရုံတစ်ရုံ၌ မီးလောင်မှု ဖြစ်ပွား၍ လူ ၃၈ ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၂ ရက်တွင် ဖော်ပြသည်။ ဖြစ်စဉ်တွင် အလုပ်သမားတချို့က တရားမဝင် ဂဟေဆော်မှုကြောင့် မီးလောင်မှုဖြစ်ပွားရခြင်း ဖြစ်ကြောင်း အာဏာပိုင်တို့က ပြစ်တင်သည်။

ဟဲနန်ပြည်နယ် အန်ယန်းမြို့ရှိ စက်ရုံတစ်ရုံ၌ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းအေဂျင်စီက ဖော်ပြသည်။

အန်ယန်း ကိုင်ရှင်ဒါ ရောင်းဝယ်မှုလုပ်ငန်းကုမ္ပဏီ၏ စက်ရုံတွင် ညနေ ၄ နာရီ ၂၂ မိနစ်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း ကယ်ဆယ်ရေးဌာနများထံ ကနဦး အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

“အကြောင်းကြားချက် ရရချင်း မြူနီစီပယ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက မီးလောင်မှုဖြစ်တဲ့နေရာကို ချက်ချင်းပဲ တပ်ဖွဲ့ဝင်တွေ လွှတ်ခဲ့ပါတယ်” ဟု နိုင်ငံပိုင် စီစီတီဗွီ ရုပ်သံက ထုတ်လွှင့်ဖော်ပြသည်။

မီးလောင်မှုကို ဒေသစံတော်ချိန် ည ၁၁ နာရီခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ယင်းက ဖော်ပြသည်။

စီစီတီဗွီ သတင်းဌာနက ဖော်ပြသည့် ရုပ်သံထဲတွင် မီးလောင်မှုဖြစ်ပွားရာနေရာမှ မီးခိုးမည်းလုံးများ တက်နေသည်ကို မြင်ရသလို မီးသတ်ကားနှစ်စီးဖြင့် မီးငြှိမ်းသတ်နေသည်ကို တွေ့ရသည်။

သေဆုံးသူများအပြင် ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံသို့ ပို့ခဲ့ကြောင်း နိုင်ငံပိုင် People’s Daily က ဖော်ပြသည်။ ဒဏ်ရာရသူများသည် အသက်အန္တရာယ် မစိုးရိမ်ရဟု သိရသည်။

မီးလောင်မှုနှင့် ပတ်သက်ပြီး ‘ပြစ်မှုကျူးလွန်သည့် သံသယရှိသူများ’ ကို ဖမ်းဆီးစစ်မေးလျက် ရှိကြောင်း အာဏာပိုင်များက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly