ရန်ကုန်မြို့လယ်ခေါင်က ခြောက်ကပ်နေသည့် ရုပ်ရှင်ရုံများ

ရန်ကုန်မြို့လယ်ခေါင်က ခြောက်ကပ်နေသည့် ရုပ်ရှင်ရုံများ

နိုဝင်ဘာလ ၂၁ ရက်

ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံတွင် ခြောက်ကပ်တိတ်ဆိတ်၍နေသည်။ ရုပ်ရှင်ရုံအရှေ့တွင် လုံခြုံရေး၀န်ထမ်းတစ်ဦး ထိုင်နေသည်မှလွဲ၍ လူသူကင်းရှင်းကာ ခြောက်သွေ့တိတ်ဆိတ်နေသည်။

ရံဖန်ရံခါ ရုပ်ရှင်ရုံအရှေ့ ကားမှတ်တိုင်တွင် ကားစောင့်နေသူများမှအပ ရုပ်ရှင်ရုံဧရိယာအတွင်း ဖြတ်လျှောက်မည့်သူပင် မရှိသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

ရုပ်ရှင်ရုံအရှေ့တွင် ပြသမည့်ဇာတ်ကားအမည်နှင့် သရုပ်ဆောင်များပါ၀င်သည့် ရုပ်ရှင်ပိုစတာများကို ခင်းကျင်းချိတ်ဆွဲ၍ ပရိတ်သတ်အား ဆွဲဆောင်ထားသည်ကို တွေ့ရသော်လည်း ရုပ်ရှင်ကြည့်မည့်သူမရှိ၊ စျေးရောင်းချသူလည်း တစ်ဦးတလေကိုမျှပင် မတွေ့ရဘဲ ခြောက်ကပ်နေခြင်း ဖြစ်သည်။

အလားတူ ရန်ကုန်မြို့ ဆူးလေလမ်းမကြီးပေါ်ရှိ နေပြည်တော်၊ ရှေ့ဆောင် ရုပ်ရှင်ရုံများအပါအ၀င် ဗိုလ်ချုပ်လမ်းမကြီးအပေါ်ရှိ ၀ဇီရာ၊ သွင် ၊ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ မင်္ဂလာရုပ်ရှင်ရုံ တို့တွင်လည်း ရုပ်ရှင်လာရောက်ကြည့်ရှု့သူများ မရှိသလောက်ခြောက်ကပ်နေသည်ကို တွေ့မြင်ရသည်။

အာဏာမသိမ်းမီ ကာလအတွင်း အစိုးရရုံးပိတ်ရက်များတွင် ရုပ်ရှင်ရုံများတွင် စည်ကားလေ့ရှိပြီး၊ ရုပ်ရှင်ဇာတ်ကားကောင်းဖြစ်ပါက ကြိုတင်လက်မှတ်များကိုပင် မှာယူကြည့်ရှုခဲ့ရသော အနှီရုပ်ရှင်ရုံများမှာ ရုပ်ရှင်ရုံသွင်ပြင်နှင့် ကွာခြား၍ အများနှင့် မသက်ဆိုင်သော နေရာတစ်ခုအလား တည်ရှိနေပြီဖြစ်သည်။

ယင်းသို့ ဖြစ်ရခြင်း၏ အကြောင်းရှိပေသည်။ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး လှုပ်ရှားမှုတစ်လျှောက် လူထုနှင့်ဆန့်ကျင်၍ နေသာသလိုနေခဲ့ကြသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအပါအ၀င် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်အချို့ကို ပြည်သူလူထုက လူမှုပြစ်ဒဏ်ခတ်ရာမှတဆင့် ရုပ်ရှင်ရုံလုပ်ငန်းများ ခေါင်းမထောင်နိုင်အောင် ကျဆုံးခဲ့ရခြင်းပင်ဖြစ်သည်။

ထို့အတူ ရုပ်ရှင်ရုံများအတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားမည်ဆိုသော အတည်ပြု၍မရသည့် သတင်းများ ပျံ့နှံ့လာမှုကြောင့် ရုပ်ရှင်ရုံအနီးတစ်ဝိုက်တွင် လူစည်းကားခြင်းမရှိတော့ခြင်း ဖြစ်လာသည်။

“ရုပ်ရှင်ရုံတွေကို ပစ်မှတ်ထားပြီးဖောက်ခွဲမယ်ဆိုတာကလည်း မြို့ပြကာကွယ်ရေးတပ်ဖွဲ့တွေ မလုပ်ဘူးဆိုတာ လူထုက ယုံကြည်တယ်။ ဒါက အများနဲ့ သက်ဆိုင်တဲ့နေရာတွေ သူတို့ မလုပ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောထားပြီးသားပဲ။ လူထုကြောက်နေတာက စကစ(စစ်ကောင်စီ)က တစ်ဖက်လှည့်ဖောက်ခွဲပြီး လူထုနဲ့ မြို့ပြကာကွယ်ရေးတပ်ဖွဲ့ကြား သွေးခွဲမယ်ဆိုတဲ့ အကွက်တွေကို ပြည်သူက သိပြီးသားဖြစ်တဲ့အတွက် သွားမကြည့်ကြတာ။ နောက်တစ်ချက်က အချို့သရုပ်ဆောင်တွေ ဘ၀အပျက်ခံပြီး တော်လှန်ရေးထဲ ပါ၀င်နေတဲ့ အချိန်မှာ ရေပေါ်ဆီသရုပ်ဆောင်တွေကို အားမပေးချင်ဘူး” ဟု ပညာရေး CDM လှုပ်ရှားမှုတွင် ပါ၀င်နေသူ တစ်ဦးက ဆိုသည်။

စစ်ကောင်စီက ရုပ်ရှင်ရုံလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ပြန်လည်ဖွင့်လှစ်ပြသခွင့် ပြုခဲ့သော်လည်း ယခုနို၀င်ဘာလအထိ လပေါင်း ခုနစ်လ ကြာမြင့်လာသည့်တိုင်အောင် ကြည့်ရှုမည့်သူ လုံး၀မရှိခြင်းဖြစ်သည်။ ယင်းသည် စစ်ကောင်စီ လုပ်ဆောင်သမျှ အရာအားလုံးကို ယနေ့အချိန်အထိ လူထုက လက်မခံကြောင်း ရုပ်ရှင်ရုံများတွင် လာရောက်မကြည့်ရှုခြင်းဖြင့် သပိတ်မှောက်ထားခြင်းပင်ဖြစ်သည်။

“ဒီကိစ္စကို ကြည့်ရင် ရှင်းပါတယ်။ လူထုလက်မခံတဲ့ အာဏာသိမ်းမှုကြောင့် လူထုကလည်း စစ်ခေါင်းဆောင် သူဖြစ်ချင်တဲ့ ကိစ္စတွေအပေါ် ပြန်ကန့်လန့်တိုက်ပြတာပဲ။ တစ်နည်းပြောရရင် အကြမ်းမဖက်ဆန့်ကျင်နည်းတစ်မျိုးပေါ့။ ကျွန်တော်ထင်ပါတယ်။ နွေဦးတော်လှန်ရေးမပြီးမချင်းက လူထုတစ်ဦးချင်းစီရဲ့ စိတ်ထဲမှာ ရုပ်ရှင်ကို အေးအေးဆေးဆေးထိုင်ကြည့်ပြီး အပန်းဖြေချင်တဲ့ စိတ် မရှိတာဘဲ။ လူထုနဲ့ တစ်သားတည်းဖြစ်နေတဲ့ သရုပ်ဆောင်တွေ အကျဉ်းကျနေသူတွေရှိတယ်။ ရှောင်ပြေးနေရသူ တွေရှိတယ်။ လွတ်မြောက်နယ်မြေတွေထဲ တိုက်ပွဲ၀င် ရဲဘော်အဖြစ်ရပ်တည်နေတာတွေရှိတယ်။ ဒီအပေါ် လူထုကလည်း တစ်သားတည်ရပ်တည်ပြတာ မဆန်းပါဘူး” ဟု တရားရေး CDM လှုပ်ရှားမှုတွင် ပါ၀င်နေသူ တစ်ဦးကလည်း ထောက်ပြသည်။

အရပ်သားအစိုးရ လက်ထက် ၂၀၂၀ ခုနှစ် မတ်လပိုင်းမှစတင်၍ COVID- 19 ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါဖြစ်ပွားလာမှုကြောင့် အများပြည်သူနှင့်သက်ဆိုင်သော ပန်းခြံများ၊ အားကစားကွင်းများ၊ စျေး၀ယ်စင်တာများအပါအ၀င် ရုပ်ရှင်ရုံများကို ယာယီပိတ်ထားရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်စဉ် တစ်ဆက်တည်းဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက ညွှန်ကြားခဲ့ရာ ယနေ့အချိန်အထိ လာရောက်ကြည်ရှုမှု မရှိသဖြင့် ရုပ်ရှင်ရုံလုပ်ငန်းလုပ်ကိုင်သူ စီးပွားရေးလုပ်ငန်းရှင်များ လက်မှိုင်ချရသည့် အခြေအနေမျိုးတွင် ရှိနေဆဲ ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly