သမိုင်းဖန်တီးရှင် အစစ်အမှန်က ဘယ်သူတွေလဲ

သမိုင်းဖန်တီးရှင် အစစ်အမှန်က ဘယ်သူတွေလဲ

ယခုတလော နိုင်ငံတော်သမ္မသစ် ရွေးချယ်ရေး၊ အစိုးရအဖွဲ့သစ် ဖြစ်ပေါ်လာရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေး စိတ်ဝင်စားသူတိုင်းလိုလို ထင်မြင်ချက်ပေးကြ၊ ငြင်းကြခုန်ကြ ရှိကြရပါတယ်။ ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေမှာပါရှိတဲ့ ပုဒ်မ ၅၉/ စ အပေါ်မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မဖြစ်ရေး ဆွေးနွေးကြတာလည်း ရှိပါတယ်။ ဗဟိုအစိုးရအဖွဲ့ဝင်များ ရွေးချယ်ရေး၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များ ရွေးချယ်ရေးကိစ္စများကိုလည်း စိတ်ဝင်တစား ဆွေးနွေး ငြင်းခုန်ကြပါတယ်။ ဒါပေ မယ့်လည်း အင်မတန် လျှို့ဝှက်လွန်းလှတဲ့ ရွေးချယ်ရေးကိစ္စများဖြစ်ခဲ့တာမို့ အတိအကျ ယတိပြတ် ဘယ်သူ့ကို ရွေးချယ်ပြီးဖြစ်တယ်ဆိုတဲ့ ခန့်မှန်းမှုကိုတော့ ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ကြပါဘူး။ သတင်း မျိုးစုံ ထွက်ရှိလာနေတာကလွဲပြီး တည်ငြိမ်ပြီး ပြတ်သားတဲ့ ထင်မြင်ချက်ကို ဘယ်သူမှ မပေးနိုင်ခဲ့ကြ ပါဘူး။

အမှန်တကယ်တော့လည်း ရှုပ်ထွေးလှတဲ့ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းတွေ၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ အကျပ်အတည်းတွေနဲ့ လုံးချာလည်လိုက်နေတဲ့ အနေအထားဟာ တိုင်းပြည် အတွက် ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ပါဘူး။ ဒါက ဘာကိုပြဆိုသလဲဆိုတော့ ပြည်သူတွေဟာ သူတို့လိုလားတဲ့ သူတွေကို တိုင်းပြည်ခေါင်းဆောင်များအဖြစ် လွတ်လပ်ပွင့်လင်းစွာ ရွေးချယ်ခွင့် မရှိသေးဘူးဆိုတဲ့ အခြေအနေကို ပြဆိုတဲ့သဘောပါပဲ။ ပြည်သူတွေဟာ သူတို့နှစ်သက် ယုံကြည်တဲ့ နိုင်ငံရေးပါတီတစ်ခုကိုတော့ တိုင်းပြည်ကို ဦးဆောင်ဖို့ မဲပေးရွေးချယ်ပေးခဲ့ပြီးပေမယ့် တိုင်းပြည်ကို ဆက်လက် ခေါင်းဆောင်ကြမယ့်သူတွေကြတော့ လွတ်လပ်စွာ ကိုယ့်ဆန္ဒအပေါ်မူတည်ပြီး ရွေးချယ် နိုင်ဖို့အတွက် အကြီးမားဆုံး စိမ်ခေါ်ခံနေရတဲ့ သဘောပါပဲ။

ဒီကြားထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုတွေ အပေါ်မှာလည်း ပြည်သူတွေ မျှော်လင့်တောင့်တခဲ့ကြရတာ ရှိပါသေးတယ်။ ဒီခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုအပေါ် မူတည်ပြီး တိုင်းပြည်ကို ဦးဆောင်ကြမယ့် ပုဂ္ဂိုလ် များ လူထုဆန္ဒနဲ့ တထပ်တည်းကျအောင် ရွေးချယ်နိုင်တော့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့လည်း စောင့်စား ငံ့လင့်နေကြရတာကလည်း အမှန်ပါပဲ။

ဒီနေရာမှာ တချို့သော သမိုင်းပညာရှင်များရဲ့ အဆိုအမိန့် တစ်ခုနဲ့ချိန်ထိုးကြည့်ဖို့ လိုမယ်ထင် ပါတယ်။ ပညာရှင်တချို့ရဲ့ အဆိုအမိန့်အရ ပြောရရင် သမိုင်းဆိုတာ လူတချို့ကြောင့် ဖြစ်ပေါ်တိုး တက်လာရတာ ဖြစ်တယ်၊ သမိုင်းကို လူတစ်စုကသာ ဖန်တီးတာဖြစ်တယ်ဆိုတဲ့ အယူအဆဖြစ်ပါ တယ်။ ဒီအယူအဆအပေါ် မူတည်စဉ်းစားမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လို လူတစ်စုကြောင့် မိမိတို့နိုင်ငံရဲ့သမိုင်းဟာ ဆက်လက် ရွေ့လျားဖြစ်ပေါ်နေတယ်ဆိုပြီး သက်သေထူတဲ့သူလည်း ရှိချင် ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီအမြင်ဟာ ရေတိုအမြင်ပဲ ဖြစ်ပါတယ်။ လူတစ်စုရဲ့ကြိုးပမ်းမှု လူတစ်စုရဲ့အရေးပါမှုနဲ့ သမိုင်းဖြစ်ထွန်းရတာ ဖြစ်တယ်ဆိုတာ တကယ်တော့ နည်းပရိယာယ်အရသာ ဖြစ်ပါတယ်။ နည်းဗျူဟာအရသာ ဖြစ်ပါတယ်။ ယာယီ တဖြတ်ထိုး ကိစ္စများအတွက်သာလျင် လူတစ်စု လူတစ်ချို့ရဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းမှာ အရေးပါကောင်း ပါနိုင်ပေမယ့် တကယ်တန်း သမိုင်းကို အဆုံးအဖြတ်ပေးတာ၊ သမိုင်းဖန် တီးတဲ့သူဟာ လူထုကြီးပဲ ဖြစ်ပါတယ်။

မှန်ပါတယ်။ လူတစ်စုဟာ သမိုင်းရဲ့ တစုံလုံး လွှမ်းခြုံတာမဟုတ်တဲ့ အစိပ်အပိုင်းကိစ္စတွေကို ကိုင်တွယ်ဖန်တီးနိုင်တာ မှန်ပေမယ့် လူထုကြီးဖန်တီးတဲ့ လူထုကြီးချပေးတဲ့ လမ်းကြောင်းပေါ်က သွေဖီသွားလို့ ကြာရှည်မှာ ရစရာအကြောင်း မရှိပါဘူး။ ဥပမာ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်တို့ဟာ ဘယ်သူ သမ္မတဖြစ်ရမယ်ဆိုတဲ့ ရွေးချယ်နိုင်ခွင့် အခွင့်အရေးကို ရရှိ ကောင်း ရရှိနေကြမှာ ဖြစ်ပေမယ့် အကယ်၍ သူတို့ရွေးချယ်တဲ့ သမ္မတက လူထုစိတ်ကြိုက် လူထု သဘောထားနဲ့ ကိုက်ညီမှုမရှိခဲ့ရင် ဒါဟာ ယာယီအားဖြင့်သာ ရွေးချယ်လို့ရနိုင်မှာဖြစ်ပြီး တနေ့တချိန် မှာတော့ လူထုကြီးနှစ်သက်တဲ့ သမ္မတကိုသာ မှန်ကန်စွာ ရွေးချယ်လာနိုင်မှာကတော့ မြေကြီးလက် ခတ် မလွဲပါဘူး။ ဘာပြုလို့လည်းဆိုတော့ သမိုင်းရဲ့ ဦးစီးပဲ့ကိုင် အစစ်အမှန်ဆိုတာ လူထုကြီးပဲ ဖြစ်လို့ပါပဲ။

ဒါကြောင့်မို့ မိမိတို့ ပြည်သူများအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ တိုင်းပြည်ကို ဦးစီးဦးရွက် ပြုကြရမယ့် ပုဂ္ဂိုလ်များ ရွေးချယ်ရေးကိစ္စများ မည်မျှပင် ရှုပ်ထွေးနေသည်ဖြစ်ပစေ၊ မိမိတို့ရဲ့ဆန္ဒ အပြည့်အဝ မထင်ဟပ်နိုင်တဲ့ သမ္မတရွေးချယ်ရေး ဖြစ်လာကောင်း ဖြစ်လာခဲ့သည် ရှိစေ၊ ဒါဟာ ယာယီ ရှုပ်ထွေးမှုများသာဖြစ်ပြီး နောင်တချိန်မှာတော့ လူထုကြီးလိုလားတဲ့ ခေါင်းဆောင်များကို လူထုကြီးကိုယ်တိုင်က အောင်မြင်စွာ ရွေးချယ် တာဝန်ပေးပိုင်ခွင့် ရှိလာဦးမှာသာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly