စစ်ကောင်စီတပ်သား ၁၃ ဦးကျော်သေဆုံးခဲ့သည့် မြင်းခြံမြို့နယ် ပျားကျေးရွာ တိုက်ပွဲ အကြောင်း NPDF အဖွဲ့ထုတ်ပြန်

စစ်ကောင်စီတပ်သား ၁၃ ဦးကျော်သေဆုံးခဲ့သည့် မြင်းခြံမြို့နယ် ပျားကျေးရွာ တိုက်ပွဲ အကြောင်း NPDF အဖွဲ့ထုတ်ပြန်

နိုဝင်ဘာလ ၂၀ ရက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် ၊ ပျားကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၃၀ ခန့်ပါစစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း Natogyi People Defence Force( NPDF) က ယနေ့ နိုဝင်ဘာ ၂၀ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ် ပြန်လာသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၅နာရီ ခန့်တွင် NPDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းစစ်ဆင်ရေးအပြင် မြေပြင်စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု NPDF မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“တိုက်ပွဲက ဒရုန်းနဲ့လည် ချတယ်။ မြေပြင်မှာလည်း ဝင်တိုက်တယ်။ ကျွန်တော်တို့ ညှပ်ပြီးတော့ တိုက်လိုက်တာပေါ့။ ။ သေတာကတော့ ပွဲထဲတင်ကို သေတာက ခုနစ် ကောင်ပေါ့။ ဒဏ်ရာရတဲ့လူတွေနဲ့ လက်နက်ကြီးကျလို့မှန်တဲ့သူတွေ မပါသေးဘူး။ စစ်ကူကားကို မိုင်းဆွဲမှုမှာတော့ ခြောက်ကောင် သေတယ်။ တိုက်ပွဲပြီးတော့ စခ ( စစ်ကောင်စီတပ်) တွေက ရွာကိုမီးရှို့တယ်။ တိုက်ပွဲသတင်းထုတ်ပြန်ဖို့ ကျတော့ နယ်မြေ အခြေအနေကြောင့်လုံးဝ ထုတ်ပြန်လို့မရလို့ အခုချိန်စောင့်ပြီး အခုမှ ထုတ်ပြန်ရတာပါ” ဟု NPDF မှ တာဝန်ရှိသူက ဆိုသည်။

အဆိုတိုက်ပွဲတွင် စစ်ကူလာသည့် စစ်ကားသုံးစီးကိုလည်း မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ခြောက် ဦး ပွဲချင်းပြီး သေဆုံးကာ စစ်ကားတစ်စီးလည်း ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် တိုက်ပွဲအတွင်း MA-11 အမျိုးအစား သေနတ် တစ်လက်၊ 5.56 ကျည် ၂၇ တောင့်ကို ကာကွယ်ရေးမဟာမိတ်အဖွဲ့များမှ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force အဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်သည့် People's Defense Force – Mandalay၊ 27 Revolution Forces ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ မန္တလေးတိုင်းအတွင်းတွင် Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်းတစ်ခုသာ ကျန်ရှိနေသည့်အတွက် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများ အဖက်ဖက်မှ ဝင်ရောက်လာနိုင်၍ ခုခံကာကွယ်နိုင်ရန်အတွက် ၎င်းတို့အဖွဲ့ကို လှူဒါန်းပေးရန် မိဘပြည်သူများအား NPDF က မေတ္တာရပ်ခံ တောင်းဆိုထားသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် အင်အား ၁၀၀ နီးပါးဖြင့် ကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီခန့်မှ စတင်၍ ပျားရွာအရှေ့ပိုင်းရှိ နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးရှောင်တိမ်းခဲ့ရသည်။

ထို့အပြင် နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၆ နာရီက ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နွားလှည်းပြန်ယူသည့် ဒေသခံ ကိုဇော်မျိုးနိုင်ကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ပျားရွာသည် အိမ်ခြေ ၁,၅၀၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်၏ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာရှိ နေအိမ်တစ်ဝက်ခန့် မီးလောင်ကျွမ်းခဲ့ပြီဖြစ်ကာ ပြည်သူများစွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly