တရုတ်ကို တန်ပြန်ရန် ဂျပန်နှင့် အမေရိကန် ပူးပေါင်းစစ်ရေးလေ့ကျင့်

By ANI
20 November 2022
တရုတ်ကို တန်ပြန်ရန် ဂျပန်နှင့် အမေရိကန် ပူးပေါင်းစစ်ရေးလေ့ကျင့်

တရုတ်ကို တန်ပြန်ရေးနှင့် စစ်ဆင်ရေးစွမ်းရည်နှင့် တိုက်ပွဲဝင်မှုအသင့်ဖြစ်ရေးအားကောင်းစေရန် နိုဝင်ဘာ ၁၀ရက်တွင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် အမေရိကန်စစ်တပ်တို့သည် 'Keen Sword' အမည်ဖြင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၁၉ ရက်တွင် အဆုံးသတ်မည်ဖြစ်ပြီး ဂျပန်မြေပြင်၊ ရေပြင်နှင့် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၆,ဝဝဝ ခန့်ပါဝင်ခဲ့သည်။

ထို့ပြင် အမေရိကန်၏ 'Space Force’ အထူးတပ်ဖွဲ့မှ ထိပ်တန်းအရာရှိများ အပါအဝင် အမေရိကန် စစ်သား ၁၀,ဝဝဝ ခန့်လည်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပဲ့ထိန်းဒုံးကျည်များ၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ခြင်းနှင့် ပြင်ပအာကာသနှင့် ဆိုက်ဘာနည်းပညာကဲ့သို့သော ကာကွယ်ရေးနယ်ပယ်သစ်များဆိုင်ရာ စစ်ဆင်ရေးများ ပါဝင်မည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဝေးလံခေါင်သီသော ကျွန်းများကာကွယ်ရေးကို အဓိကထားလေ့ကျင့်မည်ဖြစ်ပြီး ဂျပန်နှင့် အမေရိကန် Osprey လေယာဉ်များဖြင့် ကာဂိုရှီမာစီရင်စုရှိ တိုခူနိုရှီမာကျွန်းတွင် အဓိက လေ့ကျင့်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။

လိုအပ်ပါက အင်အားသုံး၍ တရုတ်နှင့် ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်နှင့်အညီ ထိုင်ဝမ်အနီးတွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြင့်လာချိန်၌ ယင်းစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက ဆိုသည်။

မကြာသေးမီက အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ ရေကြောင်းလှုပ်ရှားမှုက ဂျပန်နှင့် အမေရိကန်တို့ကို စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။

တရုတ်၏ စစ်ရေး ဆောင်ရွက်မှုများတွင် ဆန်ကာကုကျွန်းစုများ အနီးရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ ယင်း၏ စစ်သင်္ဘောများ အကြိမ်ကြိမ် ကျူးကျော် ဝင်ရောက်မှုများ ပါဝင်သည်။

သြစတြေးလျ၊ ကနေဒါနှင့် ဗြိတိန်မှ လေယာဉ် ၂ စင်းနှင့် စစ်သင်္ဘော ၄ စင်းတို့သည့် ၂ နှစ် ၁ကြိမ် ကျင်းပ သည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required