တရုတ်နိုင်ငံတွင် ကုသမှုနှောင့်နှေးသဖြင့် ကလေးသေဆုံးမှုအပေါ် ပြည်သူများ ဒေါသထွက်

တရုတ်နိုင်ငံတွင် ကုသမှုနှောင့်နှေးသဖြင့် ကလေးသေဆုံးမှုအပေါ် ပြည်သူများ ဒေါသထွက်

တရုတ်နိုင်ငံကျန်ကျိုးမြို့မှ ဖခင်တစ်ဦးက ဆေးဘက်အကူများသည် အော့အန်ဝမ်းလျှောနေသော ၄ လအရွယ်သမီးကို ကြည့်ရှုပေးရန် ငြင်းဆိုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည့်အခါ ပြည်သူများက စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

ကလေးငယ်သည် ထို့နေ့တွင်ပင်သေဆုံးသွားခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

တရုတ်နိုင်ငံတွင် တစ်နေ့တာကူးစက်မှု ၂၀ ၀၀၀ ကျော်ဖြင့် ၆ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ရောဂါကူးစက်မှုအများအပြားကို ကြုံတွေ့ရလျက်ရှိသည်။ အလယ်ပိုင်း ဟဲနန်ပြည်နယ်ရှိ ကျန်းကျိုးမြို့တွင် ရောဂါကူးစက်မှုအဆိုးဆုံးဖြစ်သည်။

လီဘောင်လျန်၏ ဇနီးသည် ရောဂါကူးစက်ခံရပြီးနောက် သူနှင့် ၄ လအရွယ် သမီးသည် နိုဝင်ဘာ ၁၂ ရက်က ကျန်းကျိုးရှိ ဟိုတယ်တစ်ခု၌ သီးခြားခွဲထားခံထားရသည်။ ၂ ရက်အကြာ၌ ကလေးသည် နေမကောင်းဖြစ်လာကာ အစာမစားနိုင်တော့ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

လီသည် လူနာတင်ယာဉ်ကားကို ခေါ်ခဲ့သော်လည်း ဆေးမှုးများက ၎င်းတို့နှင့်မတွေ့မီ ဟိုတယ်မှ ရောဂါစမ်းသပ် ပေးရန် လိုအပ်ကြောင်းပြောခဲ့သည်။ ကလေးမှာ ရောဂါကူးစက်မှုမရှိသောအခါ ဆေးဘက်ဝန်ထမ်းများက ကလေးကို အပြင်းမဖျားသည့်အကြောင်းပြချက်ဖြင့် ကြည့်ရှုပေးရန် ငြင်းဆန်ခဲ့သည်။

ကလေးငယ်၏ ရောဂါလက္ခဏာများ ဆိုးရွားလာသောအခါ လီသည် ညနေပိုင်းတွင် နောက်ထပ်အရေးပေါ်ကားကို ထပ်မံခေါ်ခဲ့သည်။ သို့သော် သားအဖနှစ်ဦးကို ဟိုတယ်အနီးရှိ ဆေးရုံသို့မခေါ်ဘဲ ကျန်းကျိုးမှ ကီလိုမီတာ ၁၀၀ နီးပါးဝေးသော ဒန်ဖန်မြို့ရှိ ဆေးရုံသို့ခေါ်သွားခဲ့သည်။ ဆေးရုံရောက်သောအခါ လီ၏ သမီးဖြစ်သူမှာ ကိုယ်အပူချိန် သိသိသာသာကျဆင်းသွားပြီး သေဆုံးသွားခဲ့သည်။

“ကြားလိုက်ရတဲ့သတင်းက မိုးကြိုးပစ်လိုက်သလိုပါပဲ။ ကျွန်တော် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရတယ်” ဟု လီက တရုတ်လူမှုမီဒီယာ Weibo ပေါ်၌ ရေးသားခဲ့သည်။

လူသန်းပေါင်းများစွာသည် လီ၏ ဖြစ်စဉ်ကို ဖတ်ရှုခဲ့ကြပြီး အင်တာနက်အသုံးပြုသူ ၉ ၀၀၀ ကျော်က China News Weekly တွင်ဖော်ပြခဲ့သော မူရင်းပို့စ်ကို တုံ့ပြန်ဝေဖန်ခဲ့ကြသည်။ သို့သော် အာဏာပိုင်များက ဆင်ဆာ ဖြတ်ထားသဖြင့် တုံ့ပြန်ပြောဆိုမှုများကို မြင်ရမည်မဟုတ်သလို လီ၏ Weibo ပို့စ်မှ မှတ်ချက်များကိုလည်း ဖယ်ရှားပစ်ခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required