ကျုံပျော်မြို့နယ်သား PDF တပ်ဖွဲ့ဝင်တစ်ဦး KNU တပ် မဟာ(၃)နယ်မြေတွင်ကျဆုံး

ကျုံပျော်မြို့နယ်သား PDF တပ်ဖွဲ့ဝင်တစ်ဦး KNU တပ် မဟာ(၃)နယ်မြေတွင်ကျဆုံး

မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်သား PDF တပ်ဖွဲ့ဝင်တစ်ဦး နိုဝင်ဘာလ ၁၅ ရက်နေ့၊ မနက် ၉ နာရီခန့်အချိန်က KNU တပ်မဟာ (၃) နယ်မြေတွင် စစ်ကောင်စီတပ်များပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ကျဆုံးသွားကြောင်းသိရသည်။

ကျဆုံးခဲ့သူမှာ ကျုံပျော်မြို့၊ ရှမ်းစုကျေးရွာတွင် နေထိုင်ခဲ့သည့် PDF ရဲဘော် 002(ခေါ်) စသက်ဝေ ဖြစ်သည်ဟုသိရပြီး ကျုံပျော်မြို့နယ် (ပကဖ)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ကျုံပျော်မြို့ပြပြောက်ကျားအဖွဲ့(KSTF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

စသက်ဝေသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျုံပျော်မြို့နယ်တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးအဖြစ် ဦးဆောင်ခဲ့ကြောင်း၊ ကျုံပျော်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပတ်သက်သည့် ဒေါက်တိုင်များကို တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးများတွင်လည်း ပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။

"တပ်မဟာ (၃) နယ်မြေထဲက တပ်ရင်းတစ်ခုအောက်မှာ တာဝန်ထမ်းဆောင်ရင်း လက်နက်ကြီးအစ ရင်ဘတ်ကိုထိပြီးကျသွားတာပါ။ ကျုံပျော်မြိုနယ်စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့မှာ မစ်ရှင်တွေကို ဦးဆောင်လုပ်ခဲ့သူ လက်ရုံးတစ်ဆူဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့အတွက်အစွမ်းကုန်ကြိုး စားသွားမှာပါ"ဟု KSTF တာဝန်ရှိသူက ပြောသည်။

ထို့နောက် PDF ရဲဘော် 002(ခေါ်) စသက်ဝေ၏ ရုပ်အလောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၅ ရက်နေ့က တောတွင်းတစ်နေရာ၌ မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု ၎င်းနှင့်နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေတွင် ဧရာဝတီတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် PDF တပ်ဖွဲ့ဝင်အများအပြား၊ အာဏာသိမ်းစစ်အုပ်စုကို လက်နက်ကိုင်တော်လှန်နေကြသည်ဟု တော်လှန်ရေးအင်အားစုများ၏ ပြောပြချက်အရ သိရသည်။

PDF ရဲဘော် 002(ခေါ်) စသက်ဝေ ကျဆုံးမှုနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ကျုံပျော်မြို့ပြပြောက်ကျားတပ်ဖွဲ့(KSTF)၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required