လူသေဆုံးသည့် ပစ်ခတ်မှုများ ပေါ်ပေါက်ပြီးနောက် အာဖဂန်နှင့်ပါကစ္စတန်အကြား နယ်စပ်ဖြတ်ကျော်နေရာကို အကန့်အသတ်မရှိ ပိတ်ထား

လူသေဆုံးသည့် ပစ်ခတ်မှုများ ပေါ်ပေါက်ပြီးနောက် အာဖဂန်နှင့်ပါကစ္စတန်အကြား နယ်စပ်ဖြတ်ကျော်နေရာကို အကန့်အသတ်မရှိ ပိတ်ထား

အာဖဂန်နစ္စတန်ဘက်မှ လက်နက်ကိုင်အမျိုးသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ပါကစ္စတန်စစ်သားတစ်ဦး နိုဝင်ဘာ ၁၃ ရက်က သေဆုံးပြီးနောက် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်နေရာတစ်ခုဖြစ်သည့် ချာမန်း နယ်စပ်ကို အချိန်အကန့်အသတ်မရှိ ပိတ်ထားလိုက်သည်။

ပစ်ခတ်မှုဖြစ်စဉ်တွင် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး ယင်းနောက် ချာမန်းမြို့ရှိ နှစ်နိုင်ငံအကြား နယ်စပ်ကို ပိတ်ထားလိုက်ကြောင်း တရားဝင် သတင်းရင်းမြစ်များကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် နှစ်ဖက်စလုံးသည် တစ်နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ယခုအခါ အာဖဂန်၏ အကူးအပြောင်း ကုန်သွယ်မှု အပါအဝင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုက ရပ်ဆိုင်းသွားခဲ့သည်။

“အာဖဂန်နယ်စပ်ကနေ အမျိုးသားတစ်ယောက်က ပါကစ္စတန်ဘက်ကို ဝင်လာပြီး ချစ်ကြည်ရေးဂိတ်ကို ရောက်လာပါတယ်။ ပြီးနောက် ဂိတ်မှာ ရှိနေတဲ့ လုံခြုံရေးအမှုထမ်းတွေကို ပစ်ခတ်တာကြောင့် စစ်သားတစ်ယောက် သေဆုံးပြီး အခြားနှစ်ယောက် ဒဏ်ရာတွေ ရခဲ့ပါတယ်” ဟု ချာမန်း အကြီးအကဲ အဗ္ဗဒူလ် ဟာမိဒ် ဇာဟ်ရီက ပြောသည်။

ချာမန်း နယ်စပ်ဂိတ်ကို အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ၎င်းက အတည်ပြုသည်ဟု Dawn သတင်းစာက ဖော်ပြသည်။

“အာဖဂန်တပ်ဖွဲ့ဝင်က ပါကစ္စတန်တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တာကြောင့် ပါကစ္စတန်ကလည်း ပြန်လည် လက်တုံ့ပြန် ပစ်ခတ်ခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် အချိန်အတော်ကြာ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်” ဟု ဇာဟ်ရီက ပြောသည်။

ယခုအခါ ပါကစ္စတန်အာဏာပိုင်တို့သည် နယ်စပ်၌ လုံခြုံရေးကို တိုးမြှင့်ထားပြီး ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း မည်သူ့ကိုမှ နယ်စပ်ဖြတ်သန်းခွင့်မပေးတော့ကြောင်း တာဝန်ရှိသူများကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required