အမျိုးသမီးများထဲမှ ကုလအတွင်းရေးမှူးချုပ်ရွေးချယ်ရေး တွန်းအားပေးရန် အိုဘားမားကို အမေရိကန်အထက်လွှတ်တော်အမတ်များ တိုက်တွန်း

အမျိုးသမီးများထဲမှ ကုလအတွင်းရေးမှူးချုပ်ရွေးချယ်ရေး တွန်းအားပေးရန် အိုဘားမားကို အမေရိကန်အထက်လွှတ်တော်အမတ်များ တိုက်တွန်း

ဝါရှင်တန်၊ မတ် ၄ ။           ။ ယခုနှစ်နောက်ပိုင်းတွင် ကုလသမဂ္ဂ၏ ပထမဆုံးအမျိုးသမီးအတွင်းရေးမှူးချုပ်ကို ရွေးချယ်ရေး တွန်းအားပေးရန် အမေရိကန်အမျိုးသမီးအထက်လွှတ်တော်အမတ် ၇ ဦးက သမ္မတဘားရက်အိုဘားမားကို မတ်က  ၃ ကတိုက်တွန်းခဲ့သည်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်သည် ငါးနှစ်သက်တမ်းနှစ်ကြိမ်တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၁၆ အကုန်တွင် ရာထူးမှ ဆင်းပေးရတော့မည်ဖြစ်သည်။ စတင်းဖွဲ့စည်းသည့် လွန်ခဲ့သည့် နှစ် ၇၀ကတည်းက အတွင်းရေးမှူးချုပ်ရာထူးကို အမျိုးသားများကသာ ရရှိထားသည်။

ဗီတိုအာဏာကျင့်သုံးခွင့်ရှိသော တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်အပါအဝင် အဖွဲ့ဝင် ၁၅ဦးပါ လုံခြုံရေးကောင်စီက အရွေးချယ်ခံပုဂ္ဂိုလ်တစ်ဦးကို ထောက်ခံပေးရမည်ဖြစ်ပြီး အဖွဲ့ဝင် ၁၉၃ဦးပါ အထွေထွေညီလာခံက ရွေးချယ်ပေးမည်ဖြစ်သည်။

အရည်အချင်းပြည့်မီသော အမျိုးသမီးများထဲမှ စဉ်းစားရေးအတွက် တွန်းအားပေးရာတွင် အမေရိကန်သည် ဦးဆောင်ကဏ္ဍမှ ပါဝင်သည့်အတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း ဒီမိုကရက်အထက် လွှတ်တော်အမတ် ခုနှစ်ဦးက အိုဘားမားထံသို့ စာရေးခဲ့သည်။

နိုင်ငံခြားဆက်ဆံရေးကော်မတီမှ အကြီးတန်းအဖွဲ့ဝင် ဘာဘရာဘောက်ဆာဦးဆောင်သော ၎င်းစာကို အထက်လွှတ်အမတ်များဖြစ်သော ပက်တီမာရေး၊ မာဇီဟီရိုနို၊ တမ္မီဘော်လ်ဒွင်၊ ခရစ္စတင်ဂီလီဘရဲန်၊ ဂျင်းနီရှာဟင်းနှင့် ဘာဘရာမီကူလ်စကီးတို့က လက်မှတ်ရေးထိုးခဲ့သည်။

နောက်တက်မည့် အတွင်းရေးမှူးချုပ်အဖြစ် အမျိုးသမီးတစ်ဦးကို ရွေးချယ်ခြင်းအား ကြိုဆိုသော်လည်း နောက်ဆုံးတွင် ကျား-မတစ်မျိုးမျိုးထဲမှ အကောင်းဆုံး ရွေးချယ်ခံသူတစ်ဦးကိုသာ ထောက်ခံ မည်ဖြစ်ကြောင်း အိုဘားမားအစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြန်ကြားခဲ့သည်။

ကိုလမ်ဘီယာဦးဆောင်သော နိုင်ငံ ၅၃နိုင်ငံက အမျိုးသမီးအတွင်းရေးမှူးချုပ်တစ်ဦးတင်မြောက်ရေးတွန်းအားပေးလျက်ရှိသည်။ အရပ်ဘက်အဖွဲ့အစည်းအချို့ကလည်း အမျိုးသမီးအတွင်းရေးမှူးချုပ်တစ်ဦး တင်မြောက်ရေး စည်းရုံးလျက်ရှိသည်။

အမျိုးသမီးသုံးဦးအပါအဝင် အရွေးချယ်ခံပုဂ္ဂိုလ် ခုနှစ်ဦးကို အဆိုပြုထားပြီး အမျိုးသမီးသုံးဦးမှာ ကုလသမဂ္ဂယဉ်ကျေးမှုအဖွဲ့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် အိုင်ရီနာဘိုကိုဗာ၊ ခရိုအေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဗက်စနာပူဆစ်နှင့် မော်လ်ဒိုဗာနိုင်ငံခြားရေးဝန်ကြီးဟောင်း နာတာလီယာဂါမဲန်တို့ဖြစ်သည်။

အခြားဖြစ်နိုင်ဘွယ်ရာ အမျိုးသမီးများတွင် နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း နှင့် ကုလဖွံ့ဖြိုးရေးအစီအစဉ်အကြီးအကဲ ဟယ်လင်ကလာ့ခ်၊ အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီး ဆူဆာနာမယ်လ်ကော်ရာနှင့် အီးယူဘတ်ဂျက်နှင့် လူ့အရင်းအမြစ်မဟာမင်းကြီး ခရစ္စတာလီနာဂျော်ဂျီဗာတို့ဖြစ်သည်။

ကုလအတွင်းရေးမှူးချုပ်ရာထူးမှာ ဒေသများကြား အလှည့်ကျရွေးကောက်လေ့ရှိပြီး စာရင်းအရ နောက်တက်မည့်အတွင်းရေးမှူးချုပ်မှာ အရှေ့ဥရောပဒေသမှ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly