ကန့်သတ်မျဉ်းကို မကျော်ရန် ထိုင်ဝမ်နှင့် ပတ်သက်ပြီး ရှီကျင့်ဖျင်က အမေရိကန်ကို သတိပေး

By NDTV
17 November 2022
ကန့်သတ်မျဉ်းကို မကျော်ရန် ထိုင်ဝမ်နှင့် ပတ်သက်ပြီး ရှီကျင့်ဖျင်က အမေရိကန်ကို သတိပေး

ထိုင်ဝမ်နှင့် ပတ်သက်ပြီး တရုတ်၏ ကန့်သတ်မျဉ်းကို မကျော်ရန် အမေရိကန်ကို သတိပေးလိုက်သလို ကမ္ဘာ ကြီးသည် မိမိတို့နှစ်နိုင်ငံကြီးပွားတိုးတက်ပြီး ပြိုင်ဆိုင်နိုင်လောက်အောင် ကြီးမားကျယ်ပြန့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၁၄ရက်တွင် ပြောကြားလိုက်သည်။

“လက်ရှိအခြေအနေမှာ တရုတ်နဲ့ အမေရိကန်က ဘုံအကျိုးစီးပွားတွေ ရှိနေပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ၃ နာရီကြာ ဆွေးနွေးပွဲအတွင်း ရှီက ဘိုင်ဒင်အား ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ကို စိန်ခေါ်ရန် သို့မဟုတ် “ရှိရင်းစွဲ နိုင်ငံတကာအစီအစဉ်ကို ပြောင်းလဲရန်” ကြိုးပမ်းမှုမရှိကြောင်း ရှီက ပြောကြားခဲ့ပြီး နှစ်ဖက်စလုံးသည် အပြန်အလှန် လေးစားမှုရှိရန် ရှီက တောင်းဆိုခဲ့သည်။

တရုတ်အစိုးရက ယင်း၏ ပိုင်နက်အဖြစ် တောင်းဆိုထားသည့် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်နှင့် ပတ်သက် ပြီး ကန့်သတ်မျဉ်းကို မကျော်ရန် ရှီကျင့်ဖျင်က ဘိုင်ဒင်ကို သတိပေးခဲ့သည်။

"ထိုင်ဝမ်ပြဿနာက တရုတ်အတွက် အဓိက အကျိုးစီးပွားဖြစ်ပြီး၊ တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ နိုင်ငံရေး အခြေခံအုတ်မြစ်နဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ ဖြတ်ကျော်လို့မရတဲ့ ပထမဆုံး ကန့်သတ်မျဉ်းပါပဲ" ရှီက ဘိုင်ဒင်ကို ပြောကြားခဲ့ပြီး “ထိုင်ဝမ်ပြဿနာကို ဖြေရှင်းခြင်းက တရုတ်ကိစ္စဖြစ်ကြောင်း” လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထည့်သွင်းဖော်ပြခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းအခြေအနေကို ဆွေးနွေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ရှီက ပဋိပက္ခ နှင့် ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ဘိုင်ဒင်ကို ပြောကြားခဲ့သည်။

“တရုတ်က ငြိမ်းချမ်းရေးကို တစ်လျှောက်လုံး ရပ်တည်ခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဆက်လက် အားပေးသွားမှာပါ” ဟု တရုတ်ခေါင်းဆောင်က ပြောကြားခဲ့ကြောင်း သတင်းများက ဆိုသည်။

“ ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်စရန် ကျွန်တော်တို့ မျှော်လင့်နေပါတယ်။” 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly