စစ်ကောင်စီ၏ လွတ်ငြိမ်းတွင် မြစ်ကြီးနားအကျဉ်းထောင်နှင့် ဖားကန့်အချုပ်ထောင် ၂ ခုမှ နိုင်/ကျဉ်း ၁၈ ဦးသာပါဝင် ၊  KNC ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ပြန်လွှတ်ပေးခြင်းမရှိ 

စစ်ကောင်စီ၏ လွတ်ငြိမ်းတွင် မြစ်ကြီးနားအကျဉ်းထောင်နှင့် ဖားကန့်အချုပ်ထောင် ၂ ခုမှ နိုင်/ကျဉ်း ၁၈ ဦးသာပါဝင် ၊  KNC ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ပြန်လွှတ်ပေးခြင်းမရှိ 

November 18

စစ်ကောင်စီက ကချင်ပြည်နယ် ၊ မြစ်ကြီးနားအကျဉ်းထောင်နှင့်  ဖားကန့်အချုပ်ထောင် နှစ်ခုမှ အကျဉ်းသားပေါင်း ၉၂ ဦးကို ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေးခဲ့သော်လည်း လွတ်မြောက်သူများ စာရင်းတွင် နိုင်ငံရေး အကျဉ်းသား ၁၈ ဦးသာပါဝင်ကြောင်း သိရသည်။ 
 အကျဉ်းထောင် နှစ်ခုမှ  လွတ်မြောက်လာသည့် အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးတွင် စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် နှစ် နှစ်ချမှတ်ထားသည့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ပြန်လည်လွှတ်ပေးခဲ့ ခြင်းမရှိကြောင်း သိရသည်။ 
“၅၀၅ နဲ့လွတ်တဲ့ သူတွေအကုန်လုံးက ခံဝန်ကတိထိုးပြီး ထွက်ခဲ့ရတာ။ စစ်ကောင်စီက လွှတ်ပေးတဲ့ အထဲမှာ နာမည်ကြီးနိုင်ငံရေးသမားတွေမပါဘူး။ ဂျင်းထည့် (လှည့်စား) ခံရ တာ။ လွတ်လာတဲ့ အထဲမှာ KNC ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို မတွေ့ဘူး” ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် ကချင်သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့က  စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် မြစ်ကြီးနား အကျဉ်း ထောင်မှ အကျဉ်းသားပေါင်း ၇၇ ဦး လွတ်မြောက်လာခဲ့ပြီး အများစုမှာ နိုင်ငံရေးနှင့် ပတ်သက်ခြင်း မရှိသူများဖြစ်ကြသည်။ စစ်ကောင်စီသည် ပြစ်ဒဏ်မှလွတ်မြောက်ရန်  ရက်ပိုင်းသာလိုသည့် နိုင်ငံရေးအကျဉ်းသား ခုနစ် ဦးကိုသာ ပြန်လွှတ်ပေးခဲ့ ခြင်းဖြစ်သည်။ 
စစ်ကောင်စီသည် KNC ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ် နှစ်ချမှတ်ခဲ့သည်။ စစ်ကောင်စီသည် ဒေါက်တာ အမ်ကောန်လကို မေလ ၉ ရက်နေ့တွင် နေပြည်တော် အကျဉ်းထောင်မှနေ၍ မြစ်ကြီးနား အကျဉ်းထောင်သို့ ရွှေ့ပြောင်းခဲ့သည်။ 
မြစ်ကြီးနားအကျဉ်းထောင်တွင် စစ်ကောင်စီက နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆို၍ ထောင်ချ ခံထားရသည့်  နိုင်ငံရေး အကျဉ်းသား အယောက် ၄၀ ခန့် ကျန်ရှိနေသေး ကြောင်းသိရသည်။  ကျန်ရှိနေသူများသည် နိုင်ငံရေးနှင့်ဆက်နွယ်သည့် ပုဒ်မတစ်ခု မှ နှစ်ခုအထိ တရားစွဲဆိုခံထားရသူများဖြစ်သည်ဟု အကျဉ်းထောင်နှင့်နီးစပ်သည့်  ကချင်သတင်း ရင်းမြစ်များက mizzima ကိုအတည်ပြု ပြောကြားသည်။
စစ်ကောင်စီ၏ ယမန်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဖားကန့် (မဇွပ်ယန်) အချုပ်ထောင်မှ အကျဉ်းသားပေါင်း ၁၅ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီး  လွတ်မြောက် လာသူများတွင် ဖားကန့်မြို့နယ်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသား ၁၁ ဦးအထိ လွတ်မြောက်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။ 
လက်ရှိတွင် ဖားကန့် (မဇွပ်ယန်)အချုပ်ထောင်၌ နိုင်ငံရေးပုဒ်မဖြင့် တရားစွဲခံထားရသည့်  ပြစ်ဒဏ်ကျခံနေသူ  သုံး ဦး ကျန်ရှိနေကြောင်း သိရသည်။
ကချင်ပြည်နယ် ပူတာအိုအချုပ်ထောင်နှင့် ဗန်းမော်အချုပ်ထောင်များမှ လွတ်မြောက် လာသူ စာရင်းများကိုမူ Mizzima သတင်းဌာန အနေဖြင့် တိကျခိုင်မာစွာ အတည်ပြု ဖော်ပြရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
စာတည်း။   ။မောင်ကောင်း 
#ကချင်ပြည်နယ်
#မြစ်ကြီးနားအကျဉ်းထောင်
#ဖာကန့်အချုပ်ထောင်
#နိုင်ကျဉ်း၁၈ဦး
#KNCဥက္ကဋ္ဌ 
#ဒေါက်တာအမ်ကောန်လ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required