ပုသိမ်မြို့အခြေစိုက် မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်း ပြန်လည် လွတ်မြောက်

ပုသိမ်မြို့အခြေစိုက် မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်း ပြန်လည် လွတ်မြောက်

မဇ္ဈိမ။ ။ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းသည် ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းတွင် ပုသိမ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ကိုရဲရင့်ထွန်းသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် စစ်ကောင်စီတပ်နှင့်ရဲများက အကြမ်းဖက်ဖြိုခွဲနေသည်ကို သတင်းဓာတ်ပုံရိုက်ကူးခဲ့သည့်အတွက် ပုသိမ်မြို့ ကမ်းနားလမ်း ကျောက်ငူအရပ်၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် ပုသိမ်အကျဉ်းထောင်တွင် မတရားအကျဉ်းချခံခဲ့ရပြီး ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကိုရဲရင့်ထွန်းကို ပုဒ်မ ၅၀၅ (က)၊ ၅၀၅(ခ) အမှုနှစ်မှုဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီသည် (၁၀၂) နှစ်မြောက် အမျိုးသားနေ့ကိုဂုဏ်ပြုသော အားဖြင့် အကျဉ်းသား ၆,၀၀၀ နီးပါးကို လွှတ်ပေးမည်ဟု ကြေညာခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကိုရဲရင့်ထွန်း ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

သို့သော် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ပုသိမ်မြို့အခြေစိုက် ဧရာဝတီတိုင်းမ် (Ayeyarwaddy Times) သတင်းဌာနမှ အယ်ဒီတာဟောင်း ကိုမျိုးမင်းထွန်းကိုမူ စစ်ကောင်စီက ဆက်လက်အကျဉ်းချထားဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပြင် အခြားအမှုများဖြင့် အကျဉ်းချခံထားရသည့် အကျဉ်းသားများကို ပုသိမ်အကျဉ်းထောင်မှ စတင်လွှတ်ပေးလျက်ရှိပြီး လွှတ်ပေးမည့် အရေအတွက် အတိအကျကိုမူ မသိရသေးကြောင်း စောင့်ဆိုင်းနေသူများက ပြောသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required