ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၂လုံး ကြဲချခဲ့ရာ မံထုံရွာစာသင်ကျောင်း ထိမှန်ပျက်စီး

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၂လုံး ကြဲချခဲ့ရာ မံထုံရွာစာသင်ကျောင်း ထိမှန်ပျက်စီး

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ယမန်နေ့ နိုင်ဝင်ဘာလ ၁၆ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ မံထုံရွာစာသင်ကျောင်း ထိမှန်ပျက်စီးသည်ဟု Banmauk Revolution – BR ထံမှ သိရသည်။

ဗန်းမောက်မြို့နယ် မံထုံရွာစာသင်ကျောင်းအား ယမန်နေ့ ည ၁၀ နာရီအချိန်တွင် အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချသွားခြင်းဖြစ်ပြီး စာသင်ကျောင်း ပျက်စီးသွားသည့်အပြင် မံထုံရဲစခန်းလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးမှ မဇ္ဈိမကိုအတည်ပြုသည်။

“ကျောင်းတော့ပျက်ဆီးသွားတယ်။ ကျောင်းရှေ့ဘောလုံးကွင်းထဲ ကျတာ။ ကျောင်းမျက်နှာစာတော့ အတော်လေးပျက်စီးသွားတယ်။ ရဲစခန်းထဲတစ်လုံးကျတယ်၊ ရဲတော့ မရှိပါဘူး။ အခုလည်း ရှမ်းနီအမျိုးသားများတပ်မတော်(SNA) က PDF တွေရှိတယ်ဆိုပြီး သတင်းပေးလို့ လေယာဉ်နဲ့လာကြဲတယ်လို့ ထင်ပါတယ်ဗျ” ဟု အဆိုပါ ဒေသခံသတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်၏ ဗုံးချတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မံထုံရဲစခန်းတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲများမရှိတော့ကြောင်းနှင့် ယင်းစခန်းရှိ အဆောက်အအုံများလည်း အများအပြားထိမှန်ပျက်စီးသွားကြောင်း သိရသည်။

မံထုံကျေးရွာသည် မဲဇာချောင်းဘေးရှိ ရွှေလုပ်သည့် ရွှေကျင်းများလည်းရှိသောကြောင့် ရှမ်းနီအမျိုးသားများတပ်မတော်( SNA)တပ်များမှ အမြဲတမ်း ဆက်ကြေးကောက်သည့်နေရာဖြစ်ကြောင်းလည်း ၎င်းက ဆက်ရှင်းပြသည်။

လက်ရှိအချိန်တွင် မုံထုံရွာဒေသခံပြည်သူအချို့သည် ကြောက်လန့်ကာ နီးစပ်ရာကျေးရွာများ၌ သွားရောက်ခိုလှုံနေကြပြီး အချို့မှာလည်း ကျေးရွာတွင်သာ ဆက်လက်နေထိုင်ကြဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုင်ဝင်ဘာလ ၁၄ရက်နေ့တွင်လည်း ဗန်းမောက်မြို့နယ် ကံကုန်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံး ခုနစ်လုံး ကြဲချတိုက်ခိုက်ပြီး လူသူထိခိုက်မှုမရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required