အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်သည်ဆိုသော ယုံကြည်မှု ကင်းမဲ့နေကြောင်း ဆန်းချက်ဇ် ပြော

အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်သည်ဆိုသော ယုံကြည်မှု ကင်းမဲ့နေကြောင်း ဆန်းချက်ဇ် ပြော

လန်ဒန်၊ မတ် ၄ ။              ။ မန်ယူအသင်းနှင့် ဆွမ်ဆီးအသင်းတို့ကို ရှုံးနိမ့်ပြီးနောက်တွင် အာဆင်နယ်အသင်း၏ တောင်ပံတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်က ၎င်းတို့အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်သည်ဆိုသော ယုံကြည်မှု ကင်းမဲ့နေကြောင်း ပြောဆိုလိုက်သည်။

'တစ်ခါတစ်ရံမှာ ကျွန်တော်တို့အသင်းက ၁-၀ နဲ့ နိုင်နေရင်တောင် ကွင်းထဲဝင်တဲ့ အခါမှာ ယုံကြည်မှု ပျောက်ဆုံးနေတတ်ပါတယ်။

ကျွန်တော်တို့ ချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု၊ ဆာလောင်မှုမျိုး ကင်းမဲ့နေပါတယ်။

ချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကွင်းထဲကိုသွားရင် ကျွန်တော်တို့အသင်းဟာ ပရီးမီးယားလိဂ်မှာ ဖြစ်ဖြစ်၊ ချန်ပီယံလိဂ်မှာ ဖြစ်ဖြစ် ဆုဖလားတွေ ရနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ကို မှတ်မိပါသေးတယ်။ အဲ့ဒီပွဲမှာ ကျွန်တော်တို့ဟာ ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ ဆာလောင်မှုမျိုး ရှိနေပါတယ်။ ဒါကြောင့် ပထမပိုင်း မိနစ် ၂၀ အတွင်းမှာပဲ သုံးဂိုးသွင်းပြီး သူတို့ကို ချေမှုန်းနိုင်ခဲ့ပါတယ်။ အောင်မြင်လိုမှုတွေက ကျွန်တော်တို့ဆီကို ယုံကြည်မှုတွေ သယ်ဆောင်လာပေးခဲ့တာပါ' ဟု ဆန်းချက်ဇ်က ပြောသည်။

အာဆင်နယ်အသင်းသည် နောက်ဆုံးကစားခဲ့သော ပြိုင်ပွဲပေါင်းစုံ ၁၁ ပွဲတွင် နိုင်ပွဲ သုံးပွဲသာ ရရှိထားသည်။ လက်ရှိတွင် အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်တွင် ဇယားထိပ်ဆုံးမှ လက်စတာနှင့် ခြောက်မှတ်ကွာဟလျက်ရှိပြီး ယခုတစ်ပတ်တွင် စပါးနှင့် ပွဲကျပ်ကစားရမည် ဖြစ်သည်။

ထို့နောက်တွင် ဟားလ်စီးတီးနှင့် အက်ဖ်အေပြန်ကန်ပွဲ၊ ဝက်စ်ဘရွန်းနှင့် ပရီးမီးယားလိဂ်၊ ဘာစီလိုနာနှင့် ချန်ပီယံလိဂ်ရှုံးထွက် ဒုကျော့ပွဲစဉ်များကို ဆက်တိုက်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly