မတ် ၄၊ လန်ဒန် ။ ။ ဝက်စ်ဟမ်းကွင်းလယ်လူ ပေယက်သည် အိုဇေးလ်၊ ဝီလျံတို့ကဲ့သို့သော ကစားသမားများကိုကျော်ဖြတ်ပြီး လန်ဒန်တစ်နှစ်တာပရီးမီးယားလိဂ် ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။
ယင်းကွင်းလယ်လူသည်ပြီးခဲ့သည့်နွေရာသီတွင် မာဆေးမှပြောင်းလာပြီးနောက် ဝက်စ်ဟမ်းအသင်းအတွက် ခုနစ်ဂိုးသွင်းကာ ခြောက်ဂိုး ဖန်တီးပေးထားသည်။
ပေယက်သည် အာဆင်နယ်ကစားကွက်ဖန်တီးရှင်အိုဇေးလ်၊ ချယ်လ်ဆီးတောင်ပံလူ ဝီလျံ၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် ဝက်ဖို့ဒ်တိုက်စစ်မှူး အစ်ဟာလိုတို့ကိုကျော်ပြီး ၂၀၁၅-၁၆ အတွက် တစ်နှစ်တာ အကောင်းဆုံး လန်ဒန်ကစားသမားဆု ရခဲ့ခြင်းဖြစ်သည်။
စပါးနည်းပြပိုချက်တီနိုမှာ အာစင်ဝင်းဂါး၊ ဘီလစ်နှင့် ဆန်းချက်ဇ်ဖလောရက်စ်တို့ကိုကျော်ဖြတ်ပြီး တစ်နှစ်တာအထူးချွန်ဆုံးလန်ဒန်နည်းပြဆု ရရှိခဲ့သည်။
စပါးလူငယ်ကစားသမားအလီက လူငယ်ဆု၊ ပီတာချက်က ဂိုးသမားဆု၊ တယ်ရီက ဂုဏ်ထူးဆောင်ဆုကို အသီးသီးရရှိခဲ့သည်။ အမျိုးသမီးဆု များကိုမူ အာဆင်နယ်နှင့်ချယ်လ်ဆီးကစားသမားများက လွှမ်းမိုးထားနိုင်ခဲ့သည်။
Ref; goal.com