တရုတ်နှင့် ပဋိပက္ခမဖြစ်ဘဲ ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းနေကြောင်း ကန်သမ္မတ ပြောကြား

 တရုတ်နှင့် ပဋိပက္ခမဖြစ်ဘဲ ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းနေကြောင်း ကန်သမ္မတ ပြောကြား

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်နှင့် ပဋိပက္ခမဖြစ်ပွားဘဲ ပြိုင်ဆိုင်နိုင်ရေး ကြိုးပမ်းနေကြောင်း ပြောကြားလိုက်သည်။

နိုဝင်ဘာလနှောင်းပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ ပူးတွဲ အစည်းအဝေးတွင် ဘိုင်ဒင်က တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံဖွယ်ရှိသည်။

ခေါင်းဆောင်နှစ်ဦးသည် နိုင်ငံတော်အကျိုးစီးပွားနှင့် အကဲဆတ်သည့်အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးကြရန် မျှော်လင့်ကြောင်း အစည်းအဝေးတွင် ဘိုင်ဒင်က နိုဝင်ဘာ ၉ရက်တွင် သတင်းထောက်များ အား ပြောကြားခဲ့သည်။

“ကျွန်တော် သူနဲ့ အကြိမ်ပေါင်းများစွာ တွေ့ဖူးပြီး ပဋိပက္ခမဟုတ်ဘဲ ပြိုင်ဆိုင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သူ့ကို ပြောဖူးပါတယ်” ဟု ၎င်းက မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။

အခြားမေးခွန်းတစ်ခုကို ဖြေကြားရာတွင် တရုတ်က ရုရှားကို သို့မဟုတ် သမ္မတ ဗလာဒီမာပူတင်အပေါ် လေးစားမှု များစွာရှိသည်ဟု မထင်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

“ဒေသတွင်းနိုင်ငံတွေနဲ့ တရုတ်ဆက်ဆံရေးနဲ့ တရားမျှတတဲ့ ကုန်သွယ်မှုကိစ္စတွေ အပါအဝင် တခြားကိစ္စ အများအပြားကို ကျွန်တော် ဆွေးနွေးသွားပါမယ်” ဟု အမေရိကန် သမ္မတက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၄ရက်တွင် တရုတ်သမ္မတနှင့် လူချင်းတွေ့ဆုံမှုသည် ဘိုင်ဒင်အမေရိကန်သမ္မဖြစ်လာပြီးနောက်ပိုင်း ပထမအကြိမ် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly