ကရင်ပြည်နယ်အတွင်းရှိ သတ္တုမိုင်းလုပ်ကွက်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် အရပ်သားများ သေဆုံးထိခိုက်မှုရှိ

ကရင်ပြည်နယ်အတွင်းရှိ သတ္တုမိုင်းလုပ်ကွက်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် အရပ်သားများ သေဆုံးထိခိုက်မှုရှိ

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ သပြုကျေးရွာအနီးရှိ သတ္တုမိုင်းလုပ်ကွက်တစ်ခုကို ယနေ့ နိုဝင်ဘာလ ၁၆ရက်နေ့ နံနက် ၁နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသတ္တုမိုင်းလုပ်ကွက်သည် ခဲသတ္တုတူးဖော်သည့် လုပ်ကွက်ဖြစ်ပြီး တရုတ်နိုင်ငံသားအများအပြား လုပ်ကိုင်နေသည့် လုပ်ငန်းဖြစ်ကြောင်းသိရသည်။

မှော်ဘီလေတပ်စခန်းမှထွက်ခွာလာသည့် Jet Fighterနှစ်စီးသည် ခဲသတ္တုလုပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သတင်းက အတည်ပြုလို့ရတယ်၊ ဒါပေမယ့် တရုတ်နိုင်ငံသား သုံးယောက် သေသွားတယ်ဆိုတာ အတည်ပြုဖို့ ကြိုးစားနေဆဲပဲ၊ မေးနေတုန်းပါပဲ”ဟု KNUနိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတာနီးမှ ပြောသည်။

လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုအခြေနေ အသေးစိတ်ကို အတည်ပြုနိုင်ရန် မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အတည်မပြုနိုင်သည့် သတင်းများအရ တရုတ်နိုင်ငံသား သုံးဦးသေဆုံးခဲ့ပြီး ရှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။

“ဒီလုပ်ကွက်တွေက မြန်မာအမည်ခံ တရုတ်အလုပ်သမားတွေနဲ့လုပ်နေတာ စက်ရုံက လုပ်ကွက်မှာရှိသလို ဘုရားသုံးဆူနဲ့ မော်လမြိုင်မှာရှိတယ်၊ ဒီလုပ်ကွက်က လုပ်ကွက်အမှတ်(၆)ပါ”ဟု အမည်မဖော်လိုသူ သတ္တုတွင်းပညာရှင်တစ်ဦးမှ ပြောသည်။

အဆိုပါ သတ္တုမိုင်းလုပ်ကွက်များကို သတ္တုတွင်းဝန်ကြီးဌာနမှ အောင်မြေ၊သပြု၊ မြသန်း၊ အောင်ရွှေ၊ နဝရတ်၊ သုဇနပွင့်စသည့် ကုမ္ပဏီများကို ခဲသတ္တုလုပ်ငန်းများလုပ်ကိုင်ရန် တရားဝင်ခွင့်ပြုထားခြင်းဖြစ်သည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် KNUနှင့် PDFများရှိသည့်အတွက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရေးသားထားပြီး ယင်းသတင်းသည် မှားယွင်းနေခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required