ကျုံပျော်မြို့တွင် ငွေစက္ကူများဖြင့် ဒေါင်းရုပ်ပုံ ပဒေသာပင်အလှူရှင်ကို စစ်ကောင်စီလက်အောက်ခံရဲများ လိုက်လံဖမ်းဆီးနေ

ကျုံပျော်မြို့တွင် ငွေစက္ကူများဖြင့် ဒေါင်းရုပ်ပုံ ပဒေသာပင်အလှူရှင်ကို စစ်ကောင်စီလက်အောက်ခံရဲများ လိုက်လံဖမ်းဆီးနေ

မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အင်းရဲတိုက်နယ်၊ ရွှေကညင်ပင်ကျေးရွာတွင် ငွေစက္ကူများဖြင့် ဒေါင်းရုပ်ပုံဖော်ကာ ဘုန်းကြီးကျောင်းသို့လှူသည့် အလှူရှင်ကို စစ်ကောင်စီလက်အောက်ခံရဲများက လိုက်လံဖမ်းဆီးနေသည်ဟု ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က ရွှေကညင်ပင်ဘုန်းကြီးကျောင်း ကထိန်ပွဲကျင်းပပြုလုပ်ရာ၌ အလှူရှင်တစ်ဦးက ဒေါင်းရုပ်ပုံ ပဒေသာပင်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံချိတ်ဆွဲကာ လှူဒန်းခဲ့သည့်အတွက် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ကထိန်ပွဲမှာ ပိုက်ဆံတွေနဲ့ ဒေါင်းရုပ်ပုံလုပ်တဲ့အလှူရှင်ကို ဖမ်းပြီးစစ်ဆေးမယ်ဆိုပြီး ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက အကြောင်းကြားလာလို့ အလှူရှင်တွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ထွက်ပြေးပြီးတော့မှ ရဲတွေရောက်လာကြတယ်လို့ သိရတယ်"ဟု ဒေသခံက ဆိုသည်။

ရဲသတင်းပေးများက သတင်းပေးတိုင်ကြားခဲ့သည့်အတွက် အင်းရဲတိုက်နယ် နယ်မြေရဲစခန်းရှိ စစ်ကောင်စီလက်အောက်ခံရဲများက အလှူရှင်များကို လာရောက်ဖမ်းဆီးခဲ့သော်လည်း ကြိုတင်ရှောင်တိမ်းနိုင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရခြင်းမရှိခဲ့ကြောင်း ဒေသခံကဆက်လက်ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်း မြို့နယ်များရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဖုန်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ပုံများ၊ လူမှုကွန်ရက်တွင် NUG အစိုးရအားထောက်ခံသည့် ပရိုဖိုင်များနှင့် NLD ပါတီနှင့် ပတ်သက်သည့်အကြောင်းအရာများ စစ်ဆေးတွေ့ရှိပါက ငွေကြေးမတရား တောင်းယူခြင်းများကို စစ်ကောင်စီတပ်များနှင့် ရဲများက ပြုလုပ်နေသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ကျုံပျော်မြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်မှုဖြင့် ဖမ်းဆီးခံရပြီး၊ ပုသိမ်အကျဥ်းထောင်၌ အကျဥ်းချခံထားရသူ နိုင်ငံရေးအကျဥ်းသား ၄၀ ကျော်ခန့်ရှိကြောင်း ကျုံပျော်မြို့နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦး၏ပြောပြချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required