စစ်ကောင်စီ ကျင်းပမည့် လာမည့်နှစ် ရွေးကောက်ပွဲကို မထောက်ခံဟု မလေးရှား ပြော

စစ်ကောင်စီ ကျင်းပမည့် လာမည့်နှစ် ရွေးကောက်ပွဲကို မထောက်ခံဟု မလေးရှား ပြော

နိုဝင်ဘာ ၁၅

မြန်မာနိုင်ငံတွင် လာမည့်နှစ်ထဲ ကျင်းပမည်ဟု အာဏာသိမ်းစစ်ကောင်စီ ကတိပြုထားသော ရွေးကောက်ပွဲကို မလေးရှားနိုင်ငံအနေဖြင့် မထောက်ခံကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတူဆရီ ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောကြားလိုက်သည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲ စည်းမျဉ်းတချို့ကို ပြင်ဆင်ထားပြီး ယင်းကို အခြားသော သက်ဆိုင်ပတ်သက်သူများက သဘောတူလက်ခံခြင်း မရှိကြောင်း၊ ယင်းအတွက်ကြောင့် စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲကို မထောက်ခံခြင်း ဖြစ်ကြောင်း မလေးရှားဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းဆီ ပြန်လည် ရောက်ရှိပြီး အနာဂတ်တွင် ပိုမို တည်ငြိမ်သော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ပြန်ဖြစ်ရေး သေချာစေရန်အတွက် မလေးရှားက ဆုံးဖြတ်ထားသည်။

“မြန်မာအာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲအကြောင်း ပြောတာက ကျင့်ဝတ်သိက္ခာအရ သင့်တော်မှန်ကန်မှု မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေက အသိအမှတ်ပြုထားခဲ့လို့ ဖြစ်တယ်” ဟု မလေးရှားဝန်ကြီးက ပြောသည်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီမိုကရေစီ လိုလားတဲ့ အုပ်စုဟာ တောင်ပြိုကမ်းပြို နိုင်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် သူတို့ လွှတ်တော် မစတင်နိုင်ခင်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တယ်။ ဒါကြောင့် ခု အာဏာသိမ်းစစ်ကောင်စီ ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲကို မလေးရှားနဲ့ အာဆီယံအုပ်စုတို့အနေနဲ့ ထောက်ခံဖို့ဆိုတာက လုံးဝကို ယုတ္တိမရှိပါဘူး” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်က ဖေ့ဘွတ်ခ် Live မှတစ်ဆင့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ဖြုတ်ချကာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်ခဲ့သလို စီးပွားရေးသည်လည်း အကြီးအကျယ် ထိခိုက်ယိုယွင်းသွားခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly