အာဆီယံထိပ်သီးအစည်းအဝေးကို ဧည့်ခံကျင်းပပြီးနောက် COVID-19 တွေ့ရှိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော 

အာဆီယံထိပ်သီးအစည်းအဝေးကို ဧည့်ခံကျင်းပပြီးနောက် COVID-19 တွေ့ရှိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော 
Photo - AFP

နိုဝင်ဘာ ၁၅

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်အပါအဝင် ကမ္ဘာ့ခေါင်းဆောင် တစ်ဒါဇင်ကျော်မက တက်ရောက်သည့် ဖနွမ်းပင်က ထိပ်သီးအစည်းအဝေးကို ဧည့်ခံကျင်းပပြီးနောက်၌ COVID-19 ကူးစက်ခံရသည်ကို စမ်းသပ်တွေ့ရှိကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အင်္ဂါနေ့တွင် ပြောသည်။ 

ဂျီ ၂၀ ထိပ်သီးညီလာခံအတွက် အင်ဒိုနီးရှားသို့ ရောက်ရှိချိန်တွင် ကူးစက်ခံရမှုကို တွေ့ရှိခြင်းဖြစ်သော်လည်း မည်သည့် ရောဂါလက္ခဏမျှ ပြသခြင်းမရှိဟု အာရှ၏ အရှည်ကြာဆုံး အုပ်ချုပ်ရေးခေါင်းဆောင် ဟွန်ဆန်က ဖေ့ဘုတ်ပို့တွင် ရေးသားဖော်ပြသည်။ 

တနင်္ဂနွေနေ့ကမှ အပြီးသတ်ခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့ကြသော အာဆီယံ ရှစ်နိုင်ငံမှ ခေါင်းဆောင်များအပြင် အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဩစတြေးလျနှင့် ကနေဒါတို့မှ ခေါင်းဆောင်များနှင့်ပါ ဟွန်ဆန်သည် နှာခေါင်းစည်း မတပ်ဘဲ တွေ့ဆုံထားခဲ့ခြင်း ဖြစ်သည်။ 

“ချစ်မြတ်နိုးရသူများ ခင်ဗျာ၊ အခု ကျွန်တော်မှာ COVID-19 ကူးစက်တာကို စမ်းသပ်တွေ့ရှိပါတယ်”ဟု ၎င်းက ဖေ့ဘုတ်တွင် ရေးသားပြီး သူသည် ဘာလီရှိ ဂျီ ၂၀ အစည်းအဝေးသို့ မသွားရောက်မီကအထိ နေ့စဉ် စမ်းသပ်စစ်ဆေးရာတွင် COVID-19 တွေ့ရှိခြင်း မရှိခဲ့ဟု ပြောဆိုသည်။ 

“ဒီ ဗိုင်းရပ်စ် ကျွန်တော်ဆီ ဘယ်လို ကူးလဲဆိုတာ ကျွန်တော် သေချာမသိဘူး၊ ဒါပေမဲ့ ဘာလီဆီ ရောက်တဲ့အချိန် ညနေပိုင်းမှာ ကျွန်တော်ဆီက စမ်းသပ်ဖို့ နမူနာ ယူသွားကြပြီး နံနက်ပိုင်းမှာတော့ COVID-19 ကူးစက်တာကို အတည်ပြုလာတာ ဖြစ်တယ်”ဟု ဟွန်ဆန်က ပြောသည်။ 

ဘာလီသို့ နောက်ကျပြီးမှ ရောက်ရှိကာ အခြားသော ခေါင်းဆောင်များနှင့် ညစာအတူစားခြင်းကို မမီဘဲ ဖြစ်ခဲ့သည်က “ကံကောင်းသွားသည်”ဟုလည်း ၎င်းက ပြောသည်။ 

ဘေးကင်းလုံခြုံရေးအတွက် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အင်္ဂါနေ့တွင် နိုင်ငံဆီ ပြန်ကြမည်ဖြစ်သည်ဟု ဟွန်ဆန်က ပြောသဖြင့် ၎င်းအနေဖြင့် ဘန်ကောက်တွင် ယခုသီတင်းပတ် နှောင်းပိုင်း၌ ကျင်းပမည့် APEC ထိပ်သီးညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပြင်သစ်သမ္မတ မက်ခရွန်တို့နှင့် စည်းဝေးတွေ့ဆုံမှု ရှိလာတော့မည် မဟုတ်ပေ။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required