ပါကစ္စတန်တွင် လူနည်းစုများ ဖိနှိပ်ခံရမည့်အရေး စိုးရိမ်ပူပန်ရင်း ကြောက်စိတ်ဖြင့် နေထိုင်နေကြရ

By Latestly
14 November 2022
ပါကစ္စတန်တွင် လူနည်းစုများ ဖိနှိပ်ခံရမည့်အရေး စိုးရိမ်ပူပန်ရင်း ကြောက်စိတ်ဖြင့် နေထိုင်နေကြရ

ပါကစ္စတန်နိုင်ငံတွင် ဟိန္ဒူများ၊ ခရစ်ယာန်များ၊ ဆစ်ခ်များနှင့် အဟ်မဒီယာများအပါအဝင် လူနည်းစု အစုအဖွဲ့များသည် လူများစု၏ ဖိနှိပ်မှုကို ထိတ်လန့်ကြောက်ရွံ့နေရသည့် စိုးရိမ်စိတ်ဖြင့် ဆက်လက် နေထိုင်နေရကြောင်း တိုင်းရင်းမီဒီယာက ဖော်ပြသည်။

ပန်ဂျပ်၊ ဆင်းဒ်နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်များရှိ မြို့များတွင် ဘာသာရေးစော်ကားမှု ကျူးလွန်သည်ဟု စွပ်စွဲခံရပြီး သီရိလင်္ကာနိုင်ငံသားတစ်ဦး အပါအဝင် လူနည်းစုဝင်တချို့ သတ်ဖြတ်၊ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ထားသည်။

အဆိုပါနိုင်ငံတွင် စီးပွားရေး၊ ငွေရေးကြေးရေးနှင့် မြေယာပြဿနာကိစ္စများနှင့် ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး အငြိုးများကို ဖြေရှင်းရန် ဘာသာရေးစော်ကားမှု စွပ်စွဲချက်ကို အသုံးချမှုများ ရှိနေသည်။

အထူးသဖြင့် ဆင်းဒ်ပြည်နယ် အပါအဝင် နိုင်ငံ၏ နေရာဒေသအသီးသီးတွင် အသက်မပြည့်သေးသူ အများစု အပါအဝင် ဟိန္ဒူဘာသာဝင် မိန်းကလေးများကို ပြန်ပေးဆွဲခေါ်ဆောင်ခြင်း၊ အစ္စလမ်ဘာသာသို့ အတင်းအကျပ် ကူးပြောင်းခိုင်းခြင်း၊ မွတ်စလင်များဖြင့် အတင်းလက်ထပ်ပေးစားခြင်းတို့က အတောမသတ်အောင် ဖြစ်ပွားနေသည်။ ပါကစ္စတန်ရှိ အစိုးရအာဏာပိုင်များ၊ လူ့အခွင့်အရေးအဖွဲ့များ၊ ပင်မမီဒီယာနှင့် လူမှုမီဒီယာ ပလက်ဖောင်းများတွင် ထိုကဲ့သို့ ကိစ္စများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခြင်းမရှိသလို အာရုံစိုက်ခြင်းလည်း မရှိခဲ့ပေ။

ပါကစ္စတန်တွင် လူနည်းစုများ ဖိနှိပ်ခံနေရစဉ် အဆိုပါ နိုင်ငံ၌ အဟ်မဒီယာ အစုအဖွဲ့ အပါအဝင် လူနည်းစုများ၏ ဘေးကင်းလုံခြုံမှုနှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်မှုကို ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံ၏ တရားရေးစနစ်ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း လူ့အခွင့်အရေး ကျွမ်းကျင်သူများက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly