အငြင်းပွားဖွယ်ရာ မစ်ရှင်ပြဿနာအပေါ် GZDF အဖွဲ့ နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် (YGN) အဖွဲ့နှစ်ခုအား ဆက်သွယ်မေးမြန်းချက် (အင်တာဗျူး)

အငြင်းပွားဖွယ်ရာ မစ်ရှင်ပြဿနာအပေါ် GZDF အဖွဲ့ နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် (YGN) အဖွဲ့နှစ်ခုအား ဆက်သွယ်မေးမြန်းချက် (အင်တာဗျူး)

နိုဝင်ဘာလ ၁၄ ရက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ အကျဉ်းဦးစီးဌာနဝင်းရှိ အိမ်ထောင်သည်လိုင်းခန်းနှင့် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ နံ့သာမြိုင်လမ်းထောင့်နှင့် လှိုင်မြစ်လမ်းထောင့်ရှိ နံ့သာကုန်း အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းဗုံး တစ်လုံးစီဖြင့် Generation Z Defence Force & Supply Army (GZDF) အဖွဲ့မှ နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီဝန်းကျင်အချိန်ခန့်က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကို ဖြေကြားခဲ့ပြီးဖြစ်သည်။

သို့သော် နိုဝင်ဘာလ ၁၀ ရက် ကြာသပတေးနေ့တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA(YGN) အဖွဲ့သည် အင်းစိန်မြို့နယ်၌ လုပ်ဆောင်ခဲ့သော မစ်ရှင်နှစ်ခုနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်ကို MRDA(YGN) လိုဂိုတပ်၍ ၎င်းတို့၏ တရားဝင် Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA(YGN) အဖွဲ့နှင့် ပူးပေါင်းမဟာမိတ်ဖြစ်သော GZDF (Generation Z Defence Force) တို့သည် စကစဒေါက်တိုင်များအား နှစ်နေရာတိတိတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရေးသားထားသည်။

ထို့သို့ ရေးသားခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့အစည်းနှစ်ခုကြားတွင် မစ်ရှင်ပြဿနာ အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်လာ၍ GZDF အဖွဲ့နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော်- MRDA (YGN) အဖွဲ့တို့အား မဇ္ဈိမသတင်းဌာနက ယခုလို ဆက်သွယ်မေးမြန်းခဲ့သည်။

မဇ္ဈိမ(မေး)။။ တော်လှန်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့အမည်နဲ့ အဖွဲ့အစည်းမှာ တာဝန်ယူ ထားတဲ့ အပိုင်းကို မိတ်ဆက်ပေးပါ။

GZDF(ဖြေ)။။ ကျွန်တော်က Generation Z Defense Force & Supply Army (GZDF) အဖွဲ့က တာဝန်ခံ ကိုအာလူးပါဗျ။

MRDA(YGN)(ဖြေ)။ ။ကျွန်တော့်နာမည် ကိုရဲပါ။ MRDA(YGN)ရဲ့ မြေပြင်ခေါင်းဆောင် တစ်ယောက်ပါခင်ဗျာ။

မဇ္ဈိမ(မေး)။။ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အင်းစိန်မြို့နယ်ထဲက နေရာနှစ်ခုကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ တွေ့ရပါတယ်။ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာပါလဲ။

GZDF (ဖြေ)။။ကျွန်တော်တို့လူ၊ ကျွန်တော်တို့ပစ္စည်း ကုန်ကျစရိတ်ကအစ ကိုယ့်အဖွဲ့ဟာပါ။ MRDAနဲ့ လုံးဝပတ်သက်မှုမရှိပါဘူး။ သူတို့နဲ့ သိလည်းမသိပါဘူး။ လုပ်ခဲ့တဲ့မစ်ရှင်နှစ်ခုကို သူတို့ထောက်ပံ့ပြီး လုပ်တယ်ဆိုပြီးတင်နေတာပါ။ လုံးဝ ပတ်သက်မှုမရှိပါဘူး။

MRDA(YGN) (ဖြေ)။။ ၁၁ လပိုင်း ၂ ရက်နေ့ (နိုဝင်ဘာ ၂ ရက်နေ့) မှာ မင်းရာမ (ခေါ်) ကျောင်းသားလေး အရင်တုန်းကတော့ HTY လှိုင်သာယာ UG မှာ ကစားဖူးခဲ့တဲ့ ရဲဘော်တစ်ယောက်ပါ။ အဲ့ဒီရဲဘော်က ကျွန်တော်တို့အဖွဲ့ကို ဆက်သွယ်လာပါတယ်။ သူ့ဆီမှာအဖွဲ့တစ်ဖွဲ့ရှိနေတယ်။ အဲ့ဒီအဖွဲ့မှာ မစ်ရှင်ကစားဖို့ လိုအပ်တဲ့ပစ္စည်း လိုအပ်တဲ့ ငွေကြေးမရှိတဲ့အတွက်ကြောင့် မစ်ရှင်မကစား နိုင်တဲ့အကြောင်း၊ အခုလောလောဆယ် scout လိုက်ထားပြီးသားအကြောင်း ကျွန်တော်တို့ကိုချပြပါတယ်။

ကျွန်တော်တို့ အဖွဲ့ကလည်း လိုအပ်တဲ့ပစ္စည်း၊ လိုအပ်တဲ့ မစ်ရှင်စရိတ်နဲ့ အတူတကွ ပူးတွဲ လုပ်ဆောင်မယ်လို့ပြောတဲ့အချိန်မှာ UG ရဲ့ စည်းမျဉ်းအရ တစ်ယောက်နဲ့ တစ်ယောက် လုံခြုံမှုရှိတဲ့အတွက် သူတို့က သူတို့အဖွဲ့ကြီးပဲ သီးသန့်ကစားချင်ပါတယ် လို့ ပြောတဲ့အတွက်ကြောင့် ကျွန်တော်တို့က သူတို့လိုအပ်တဲ့ပစ္စည်းဖိုးနဲ့ မစ်ရှင်ကဖို့ ငွေကြေးကိုချပေးလိုက်ပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့မှာ ငွေလေးသိန်း လွှဲပေးလိုက်ပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၉ နာရီ ကျော်ကျော်မှာတော့ သူတို့ မစ်ရှင် လုပ်ဆောင်ပြီးသွားကြောင်း မစ်ရှင်အောင်မြင်ကြောင်းနဲ့ သူတို့အဖွဲ့အနေနဲ့ စာစီထားတဲ့ ပူးတွဲလုပ်ဆောင်ပါတယ်ဆိုတဲ့ ထုတ်ပြန်စာထုတ်ဖို့အတွက် မူကြမ်းကို ကျွန်တော်တို့ဆီ ပေးပို့လာပါတယ်။ အဲ့စာကို ကျွန်တော်တို့ဖတ်လိုက်တဲ့အချိန်မှာ သူတို့အဖွဲ့က GZDF လို့ ရေးသားထားပါတယ်။ အဲ့ဒီစာမရောက်ခင်အချိန်အတွင်းထိ ကျွန်တော်တို့အနေနဲ့ သူတို့အဖွဲ့က GZDF က ဆိုတာကို လုံးဝသိရှိထားခြင်းမရှိပါဘူး။ တော်လှန်ရေးမှာ လိုအပ်တဲ့အထောက်အပံ့မရတဲ့အတွက် မစ်ရှင်မလုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ဖို့ ခက်ခဲနေတဲ့ အဖွဲ့ငယ်တစ်ခုအဖြစ်ပဲ ကျွန်တော်တို့ သိထားတာပါ။ မြေပြင်မှာ ခက်ခက်ခဲခဲ အလုပ်လုပ်နေရတဲ့ ရဲဘော်အချင်းချင်းစာနာစိတ်နဲ့ ကျွန်တော်တို့ တော်လှန်ရေးကို မျက်နှာမူပြီးတော့ သင်္ကာမကင်းစိတ်မရှိဘဲနဲ့ ကျွန်တော်တို့ အဖွဲ့ကြီးတစ်ဖွဲ့အနေနဲ့ ကူညီပေးခဲ့တယ်။

မဇ္ဈိမ(မေး)။။အဖွဲ့နှစ်ဖွဲ့ဟာ သိကျွမ်းမှုလည်းမရှိသလို မဟာမိတ်လည်း မဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒါဟုတ်ပါသလားခင်ဗျာ။

MRDA(YGN) (ဖြေ)။။မစ်ရှင်ဦးဆောင် လုပ်ဆောင်ခဲ့တဲ့ မင်းရာမဆိုတဲ့အဖွဲ့ ခေါင်းဆောင်က သူမစ်ရှင်လုပ်ပြီးတော့ ခဏခိုလှုံရတော့မယ်ဆိုပြီး အဆက်အသွယ် ဖြတ်သွားပါတယ်။ ကျွန်တော်တို့လည်း အခုအချိန်ထိကို ဆက်သွယ်လို့မရသေးပါဘူး။ ကျွန်တော်တို့ကလည်း သူတို့ပို့ပေးလာတဲ့စာအတိုင်းပေါ့နော် ကျွန်တော်တို့ MRDA နဲ့ ပူးတွဲမစ်ရှင်ကစားပါတယ် ဆိုပြီးတော့ပဲ ဖော်ပြပေးလိုက်တာပါ။ အထောက်အပံ့ နည်းနေပြီး တကယ်အလုပ်လုပ်တဲ့ တော်လှန်ရေးမှာ ဆက်လက်အလုပ်လုပ်ဆောင်နိုင်ဖို့ ဆိုတာက ပြည်သူက သိပြီး ပြည်သူက ထောက်ပံ့မှရတာပါ။ အဲ့အချက်ကြောင့်ပဲ ကျွန်တော်တို့ကလည်း ပြည်သူသိအောင်လို့ မိတ်ဆက်ပေးလိုက်တဲ့အနေနဲ့ ပူးပေါင်း မဟာမိတ်ဖြစ်ပါတယ်လို့ တင်ပြပေးလိုက်တာပါခင်ဗျ။

မဇ္ဈိမ(မေး)။။မစ်ရှင်နှစ်ခုလုံးအတွက် GZDF အဖွဲ့ကပဲ အကုန်စိုက်ထုတ်ပြီး တိုက်ခိုက်ရေးပြုလုပ်ခဲ့တာကြောင့် အဲ့ဒီနေ့က မစ်ရှင်တွေဟာ MRDA နဲ့ သက်ဆိုင်မှု မရှိဘူး လို့ပြောလာပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ရော ပြောပြချင်တာရှိသေးလားခင်ဗျ။

MRDA(YGN) (ဖြေ)။။ကျွန်တော်တို့ MRDA(YGN) အနေနဲ့လည်း သူများမစ်ရှင်ကို ပြောင်ပြောင်တင်းတင်း သွားယူကူးချပြီးတော့ မစ်ရှင်လုပ်ပါတယ်လို့ တင်ရအောင်လည်း အဲ့လောက်ထိ တော်လှန်ရေးမှာ အရှက်မဲ့တဲ့ အဖွဲ့မဟုတ်ပါဘူးခင်ဗျ။ အခုကိစ္စက ကြိုတင်အကွက်ချပြီးတော့ လုပ်ကြံဖန်တီးမှုတစ်ခု ဖြစ်နေနိုင်သလို တော်လှန်ရေး အင်အားစုတွေကို အချင်းချင်းရန်တိုက်ပေးပြီးတော့ သွေးကွဲအောင်လုပ်တဲ့ သဘောတရားသက်ရောက်ပါတယ်လို့ ကျွန်တော်တို့ သွားရောက်ရှင်းလင်းထားပါတယ်။

မဇ္ဈိမ(မေး)။။ဟုတ်ကဲ့။ ရှင်းလင်းမှုပြုလုပ်ကြတဲ့အခါမှာ အဖွဲ့အစည်းနှစ်ခုရဲ့ တာဝန်ခံတွေအနေနဲ့ ဘယ်လိုဖြေရှင်းကြပါသလဲ၊ ရလဒ်ကရော ဘယ်လိုရှိပါသလဲ။

GZDF(ဖြေ)။။အဲ့ဒါကိုရှင်းတော့ ကျွန်တော်တို့ဘက်ကနေ ငွေကြေးလက်ခံပြီး ပူးပေါင်းထုတ်ပြန်တယ်လို့ သူတို့တင်ပါတယ်။ အဲ့ဒါက လုံးဝအမှားပါ၊ အချိန်ကြာလာရင် နှစ်ဖက်လုံးအတွက် မကောင်းပါဘူး။ သူတို့ screenshot တင်ထားတယ်။ စာတွေက ကျွန်တော့်ဆီရောက်နေပါပြီ။ သူတို့တစ်ခြားတစ်ဖွဲ့နဲ့ ချိတ်ဆက်ထားပြီး ပူပေါင်းမစ်ရှင်အတွက် ပြောထားတာပါ။ ဟိုဘက်အဖွဲ့ကလည်း သူတို့အကြောင်းသိလို့ screenshot (ss) ယူသိမ်းထားတာ။ အဲ့အဖွဲ့က သက်သေအကုန်လာပို့ထားပါတယ်။ သူတို့အချင်းချင်း ပြောထားတဲ့စာတွေ ဖျက်သွားပေမယ့် ssတွေ ကျန်ပါသေးတယ်။ သူတို့ ssမှာ သဘောတူထားတဲ့အဖွဲ့က သပ်သပ်ပါ။ ကျွန်တော်တို့ GZDF မဟုတ်ပါဘူး။

သူတို့စာမှာ GZDF တာဝန်ခံပါတဲ့အတွက် ssမှာ နာမည်ပါပါတယ်။ အဲ့ဒါကိုအများ သိအောင်ပွင့်ပွင့်လင်းလင်းချပြပါ။ ကျွန်တော်တို့ဘက်က မှားတယ်ဆိုတောင်းပန်ပါမယ်။ သူတို့ဘက်က မှားနေတာကို မဖြေးရှင်းဘဲ ပြန်စွပ်စွဲပြီး နာမည်ဖျက်နေတဲ့အတွက် တရားဝင်တိတိလင်းလင်း ပြန်လည်တောင်းပန်ပေးရပါမယ်လို့ ပြောချင်ပါတယ်။ သူတို့ဘက်က ပထမတော့ရှောင်ပြေးပြီး တာဝန်ခံက ဆက်သွယ်တာ လက်မခံဘူးတင်တယ်။ အဲ့ဒီကိစ္စပါ ထပ်ရှင်းနေတာပါ။ ကျွန်တော်တို့မနေ့ကတည်းက ဆက်သွယ်တာကို တာဝန်ခံခင်လင်းလင်းဖြူက ခေါင်းရှောင်ပြီး ရဲဘော်အချင်းချင်းပြောပါဆိုပြီး ရှောင်ထွက်သွားတာပါ။

MRDA(YGN) (ဖြေ)။။GZDF အဖွဲ့က စွပ်စွဲထားသလို ကျွန်တော်တို့က သူတို့ရဲ့ မစ်ရှင်ကို ကူးယူတင်ပြနေခြင်းမဟုတ်ပါ။ အဲ့လိုမဟုတ်ခဲ့ကြောင်းကိုလည်း ကျွန်တော်တို့ ညတွင်းချင်း စာထပ်တင်ပြီးတော့ screenshot တွေထပ်တင်ပြီးတော့ ရှင်းလင်းခဲ့ပါတယ်။ အဲ့လိုရှင်းလင်းပြီး နောက်နေ့ စနေနေ့မှာတော့ ကျွန်တော်တို့ MRDA ပင်မ စာမျက်နှာကနေပြီးတော့ GZDF ပေ့ချ်ကို တရားဝင် သွားရောက်ဆက်သွယ်ပါတယ်။ သူတို့ရဲ့ တာဝန်ခံ ကိုအာလူး ဆိုတဲ့သူနဲ့လည်း ချိတ်ဆက်ပြီးတော့ စကားပြောခဲ့ပါတယ်။ စကားပြောခဲ့တဲ့အရာတွေ အားလုံးကို သူတို့ ပေ့ချ်ကနေပြီးတော့ ယခုအချိန်မှာ ချပြ ထားပြီးဖြစ်ပါတယ်။

ကျွန်တော်တို့က အဖြစ်မှန်ကို သွားရောက်ရှင်းလင်းတင်ပြခြင်းပါ။ အခုလိုရှင်းလင်းပြပေမယ့် မှားတဲ့သူတောင်းပန်ကြေးဆိုတဲ့အရာက အဖွဲ့အစည်းတွေအတွက် အဆင်မပြေဘူးခင်ဗျ။ လူကြီးလူကောင်းလည်း မဆန်ပါဘူးခင်ဗျ။ ကျွန်တော်တို့ဘက်ကလည်း မှားနေတာမဟုတ်ကြောင်းကို သက်သေအထောက်အထားနဲ့တကွ ချပြပေးထားပါတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့လည်း မြေပြင်မှာအလုပ်လုပ်နေတဲ့ ရဲဘော်တွေက ဘယ်အဖွဲ့အစည်းဆိုတာလည်း စုံစမ်းနိုင်ဖို့အတွက် အချိန်လည်းမရှိသလို စုံစမ်းခွင့် လည်းမရှိပါဘူးခင်ဗျ။ ပြောရမယ်ဆိုလို့ရှိရင် UG တိုင်းက လျှို့ဝှက်စွာနေထိုင်နေရတာပါ။ အခု ဒီကိစ္စကို MOD ကို စာတင်ပြီးတော့ အကြောင်းကြားထားပါပြီ။ ပြီးတော့ MRDA(YGN) မှာ တာဝန်ခံ ဒေါ်ခင်လင်းလင်းဖြူ၊ မြေပြင်တာဝန်ခံ ပါပီလွန်ဆိုတာလည်း မရှိတော့ပါဘူး။ မရှိတော့ဘူးဆိုတာက သူတို့ရဲ့ရာထူးတွေမရှိတော့တာပါ။ ကျွန်တော်တို့ MRDA မှာ လွန်ခဲ့တဲ့ သုံးလထဲကနေ ဒီနေရာတွေကို လစ်ဟာလိုက်ပါပြီ။ ကျွန်တော်တို့ ဆီမှာ အခုရှိနေတာက ကော်မတီအဖွဲ့ပဲရှိပါတယ်။

မဇ္ဈိမ(မေး)။။နိုဝင်ဘာ ၉ ရက်နေ့က မစ်ရှင်ဆောင်ရွက်ခဲ့တာကို အဲ့ဒီနေ့မှာပဲ GZDF က ထုတ်ပြန်ပါတယ်။ နောက်နေ့မှာ MRDA(YGN) ကလည်း ထုတ်ပြန်လာပါတယ်။ ၁၁ ရက်နေ့မှာတော့ အဲ့ဒီထုတ်ပြန်ချက်မတွေ့ရတော့ပါဘူး။ ဘာ့ကြောင့်ပါလဲ။

MRDA(YGN) (ဖြေ)။။အခုတော့ ကျွန်တော်တို့ MRDA Main Page ကနေပြီးတော့ စစ်ရေးသတင်းလို့ ကြော်ငြာထားတဲ့အရာတွေကလည်း ခဏခဏ ရီပို့ထုခံရပြီးတော့ ပို့စ်က ပျက်ပျက်ကျသွားပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ပို့စ်ထပ်တင်လို့ မရတော့တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က စစ်ရေးသတင်းဆိုပြီးတော့ ပေ့ချ်အသစ် ထပ်ဖွင့်ပြီးတော့ အဲ့ဒီမှာ ကျွန်တော်တိုရဲ့ စစ်ရေးသတင်းကို ကြော်ငြာပါတယ်။ အခု နောက်ဆုံး ပို့စ်ကလည်း ရီပို့ထုခံရပြီးတော့ ပျက်ကျသွားပါတယ်။ ကျွန်တော်တို့ ၁၀ ရက်နေ့မှာ တင်ထားတဲ့ GZDF နဲ့ ပတ်သက်နေတဲ့ မစ်ရှင်ပေါ့နော် အဲ့မစ်ရှင်ကတော့ စာအမှတ်စဉ် (၃) ပါ။ အခု ကျွန်တော်တို့ ပေ့ချ်မှာဖြစ်နေတာက စာအမှတ်စဉ် (၂) နဲ့ (၃) ရော ရီပို့ ထုခံရလို့ ပျက်ကျနေပါတယ်။

မဇ္ဈိမ (မေး)။။ယခုလိုမျိုး အငြင်းပွားဖွယ်ရာတွေဖြစ်လာတာနဲ့ ပတ်သက်လို့ ပြည်သူကို ပြောပြချင်တဲ့အကြောင်းအရာများရှိဦးမလားခင်ဗျ။

GZDF(ဖြေ)။။တစ်ခုတော့ ပြောပါရစေဗျ။ ပြန်မျှဝေပေးဖို့လည်းမေတ္တာရပ်ခံပါတယ်ဗျ၊ ကျွန်တော်တို့ GZDF သည် တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တာတစ်နှစ်ကျော်ပါပြီ။ တစ်နှစ်ကျော်အတွင်း ပြည်သူလူထုအပေါ် ရိုးသားစွာနဲ့အလှူခံပြီး မစ်ရှင်များစွာဆောင် ရွက်ခဲ့ပါတယ်။ ဒါကြောင့် အခုကိစ္စမှာ ကျွန်တော်တို့လုံးဝမမှားပါဘူး။ ပြည်သူကို သိစေချင်ပါတယ်။ ဘယ်တော့မှ အဲ့လိုလုပ်ရပ်မျိုးလုပ်မှာ မဟုတ်ပါဘူး။ အခု ရှင်းနေရတာကလည်း အမှန်တရားကိုသိပြီး ပြည်သူလူထုက ကျွန်တော်တို့အပေါ် အမြင် ရှင်းစေချင်လို့ပါ။

MRDA(YGN) (ဖြေ)။။ကျွန်တော်တို့ ကော်မတီအဖွဲ့အနေနဲ့ အခုဖြစ်နေတဲ့ ပြဿနာကို ဆက်လက်ပြီး စစ်ဆေးနေပါတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အားလုံးကို ကျွန်တော်တို့ ကော်မတီအဖွဲ့ဝင်တွေအကုန်လုံး စုပေါင်းပြီးတော့ ဝိုင်းဝန်း ဆုံးဖြတ်ကြရင်းနဲ့ပဲ ပြည်သူတွေကိုအခုလိုမျိုး အားနာစွာနဲ့ပဲ အဖြစ်မှန်ကို ချပြလိုက်ရ ပါတယ်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly