ဗန်းမောက်မြို့နယ် ကံကုန်းရွာအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၇လုံး ကြဲချဟုဆို

ဗန်းမောက်မြို့နယ် ကံကုန်းရွာအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၇လုံး ကြဲချဟုဆို

နိုဝင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ၊ ကံကုန်းရွာအား စစ်ကောင်စီတပ်မှ ယနေ့ နိုင်ဝင်ဘာလ ၁၄ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံး ခုနစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Banmauk Revolution – BR မှ သတင်းထုတ်ပြန်ထားသည်။

ဗန်းမောက်မြို့နယ် အနောက်ဘက် ကံကုန်းရွာအား ယနေ့ နေ့လယ် ၂နာရီအချိန်တွင် အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချသွားခြင်းဖြစ်ပြီး လူသူထိခိုက်မှုမရှိကြောင်း သိရသည်။

“တိုက်ပွဲဖြစ်သံတော့မကြားဘူးဗျ။ အခုကတော့ အကုန်လုံးပြေးကြတာ။ နီးစပ်ရာပြေးကြတာပဲဗျ။ တောင်ပိုင်းဖြစ်ရင် အနောက်ဘက်ပြေး၊ အခုအနောက်ဘက်ဖြစ်တော့ မြောက်ဘက်ပြေး အဲ့လိုပေါ့။ အဓိကက တောထဲ ယာထဲပြေးကြတဲ့သူတွေအတွက် စောင်ရယ်၊ ရွာခံတွေအတွက် ဆေးဝါးတွေရယ်လိုတာဗျ။” ဟု Banmauk Revolution – BR တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်တွင် ဗန်းမောက်မြို့နယ်အတွင်း စစ်ရေးပြင်းထန်နေပြီး ပြီးခဲ့သည့် စစ်ကြောင်းထိုးမှုအတိုင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ရွာမီးရှို့ခြင်း၊ လူသားဒိုင်းများပြုလုပ်ခြင်း၊ ရွာသူရွာသားများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နိုင်သည့်အတွက် ပြည်သူများ သတိထားနေထိုင်သွားလာကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဗန်းမောက်မြို့နယ်နှင့် ထိစပ်မြို့နယ်များရှိ စစ်ဘေးရှောင်များအတွက် စောင်နှင့်ဆေးဝါးရိက္ခာ အရေးပေါ်လိုအပ်နေပါသဖြင့် အကူအညီပေးကြပါရန် Banmauk Revolution – BR မှ စစ်ဘေးရှောင်များကိုယ်စား တောင်းဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗန်းမောက်မြို့နယ် ကံကုန်းရွာအား ဂျက်ဖိုက်တာဖြင့် ဗုံး ခုနစ်လုံးကြဲချ တိုက်ခိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များအား သိရှိနိုင်ရန် မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly