သိန္နီတွင် TNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ နောင်ချိုတွင်လည်း PDF နှင့် စကစတပ်တိုက်ပွဲဖြစ်

သိန္နီတွင် TNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ နောင်ချိုတွင်လည်း PDF နှင့် စကစတပ်တိုက်ပွဲဖြစ်

နိုဝင်ဘာလ ၁၃ ရက်

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှ ကွမ်းလုံမြို့သို့သွားသည့်လမ်း ပန်တီးကျေးရွာအနီး ယနေ့မနက် ၈ နာရီက တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။

သိန္နီမြို့နယ်မှ ဒေသခံတစ်ဦးက "ကွမ်းလုံသွားတဲ့လမ်းဘက် နားတီးမရောက်ခင် ပန်တီးရွာနားမှာဖြစ်တာ" ဟု ပြောသည်။

ယနေ့မနက်ပိုင်းက သိ္န္နီမြို့နှင့် ၁၅ မိုင်သာဝေးသည့် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့သည်ဟုလည်း ကွတ်ခိုင်မြို့ခံက ပြောသည်။

အလားတူ နောင်ချိုနှင့် ပြင်ဦးလွင်ကြား၌လည်း မန္တလေး PDF နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တွင် စစ်ကောင်စီတပ်က မန္တလေး PDF ရှိရာသို့ ရောက်ရှိလာရာမှ ၂ ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

မန္တလေး PDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုမိုးကြိုးက "တိုက်ပွဲက နိုဝင်ဘာ ၈ ရက်မှာ စဖြစ်ပါတယ်။ စစ်ကြောင်းက တက်လာတော့ ကျနော်တို့ PDF နဲ့ ထိတွေ့မှု ဖြစ်သွားတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတွေကတော့ ကျနော်တို့ရဲ့ လုံခြုံရေးအတွက် နေရာအတိအကျတော့ ပြောပြလို့မရဘူး။ ကျေးရွာတွေနဲ့တော့ဝေးတယ်" ဟု ပြောသည်။

မန္တလေး PDF နှင့် စစ်တပ်တို့ တိုက်ပွဲ နှစ်ရက်အတွင်း အသက် ၂၀ကျော် PDF ရဲဘော်တစ်ဦး ကျဆုံးပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။

"၈ ရက်နေ့က တိုက်ပွဲက နှစ်ကြိမ်ဖြစ်ပါတယ်။ ကိုးနာရီကနေ ဆယ်နာရီခွဲအထိဖြစ်တယ်။ နေ့လယ် တစ်နာရီကနေ ညနေသုံးနာရီအထိ ထပ်ဖြစ်တယ်။ ကျနော်တို့ဘက် ကျဆုံးသွားတဲ့ တစ်ယောက်က ၉ ရက်နေ့ တိုက်ပွဲမှာ ကျတယ်" ဟု ကိုမိုးကြိုးက ဆက်ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ လားရှိုး၊ သိန္နီ၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များတွင် PDF, TNLA အပြင် ကိုးကန့် MNDAA, ကချင် KIA နှင့် စစ်တပ်တို့အကြားလည်း မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly