အမေရိကန်ဆက်သွယ်ရေးကော်မရှင်အရာရှိက TikTok ကို တရုတ်၏ ဒစ်ဂျစ်တယ် ဖန်တနိုင်း ထုံဆေးဟု ဝေဖန်

အမေရိကန်ဆက်သွယ်ရေးကော်မရှင်အရာရှိက TikTok ကို တရုတ်၏ ဒစ်ဂျစ်တယ် ဖန်တနိုင်း ထုံဆေးဟု ဝေဖန်

ဖယ်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) မှ ထိပ်တန်း ရီပတ်ဘလင်ကန်အဖွဲ့ဝင်ဖြစ်သူက တရုတ်ပိုင် TikTok အက်ပလီကေးရှင်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဒစ်ဂျစ်တယ်ဗားရှင်း ဖန်တနိုင်း ထုံဆေးဖြစ်ကြောင်း သတိပေးလိုက်သည်။

ဖယ်ဒရယ်ဆက်သွယ်ရေးကော်မရှင်နာ ဘရန်ဒန်ကားက အမေရိကန်အတွင်း မှ TikTok အက်ပ်ကို တရုတ်ရှိ မိခင်ကုမ္ပဏီ၏ သူလျှိုလုပ်ခြင်းနှင့် နိုင်ငံတော်လုံခြုံရေးအားဂယက်ရိုက်မှုများမှ ကာကွယ်ပေးထားသည်ဆိုသော အချက်များကို ပယ်ချခဲ့သည်။

“နောက်ဆုံးတော့ TikTok ဟာ တရုတ်နိုင်ငံရဲ့ ဒစ်ဂျစ်တယ် ဖန်တနိုင်းထုံဆေး ဖြစ်ပါတယ်။ လူအများက TikTok ကို ကြည့်ပြီး အကဗီဒီယိုတွေနဲ့ တခြားရယ်စရာဗီဒီယိုတွေကို မျှဝေတဲ့ ပျော်စရာအက်ပ်တစ်ခုလို့ ထင်မြင်ကြပါတယ်။ ဒါပေမယ့် ဒါဟာ ဟန်ဆောင်ထားတာပါ။ အက်ပ်ဟာ အလွန်ခေတ်မီဆန်းပြားတဲ့ စောင့်ကြည့်ရေးအက်ပ်ဖြစ်ပါတယ်။ ဗီဒီယိုအက်ပ်သက်သက်ပဲ မဟုတ်ပါဘူး။ အဲဒီအက်ပလီကေးရှင်းက ရှာဖွေမှုမှတ်တမ်း၊ ဖုန်းမျက်နှာပြင်သော့ခတ်တဲ့ပုံစံတွေ၊ အတည်ပြုတဲ့ သွင်ပြင်လက္ခဏာရပ်တွေ၊ မျက်နှာသွင်ပြင်ဖတ်စနစ်တွေနဲ့ ငွေတောင်းခံလွှာတွေ စတာတွေအကုန်လုံး ယူသွားနိုင်ပါတယ်” ဟု ဘရန်ဒန်ကားက ဆိုသည်။

“အခုအချိန်ထိ TikTok တာဝန်ရှိသူတွေက အချက်အလက်တွေအားလုံးကို အမေရိကန် ဒါမှမဟုတ် တရုတ်ပြင်ပမှာ သိမ်းဆည်းထားပါတယ်။ မစိုးရိမ်ကြပါနဲ့ ဆိုပြီး ပြောကြပါတယ်။ ဒါပေမယ့် ဒီနွေရာသီမှာ သတင်းထူးတစ်ခု ပေါ်လာပါတယ်။ အားလုံးကို တရုတ်ကမြင်နိုင်တယ်ဆိုတာ TikTok ရဲ့ အတွင်းက ချိတ်ဆက်မှုတွေအားလုံးက ပြသခဲ့ပါတယ်” ဟု ဘရန်ဒန်ကားက ပြောသည်။

TikTok သည် ကမ္ဘာတစ်ဝန်းရှိအသုံးအများအဆုံးလူမှုမီဒီယာအက်ပ်များအနက် တစ်ခုဖြစ်ပြီး အမေရိကန် လူငယ်များအကြားတွင်လည်း ရေပန်းစားသည်။

အက်ပလီကေးရှင်းသည် အမေရိကန်၏အဓိကပြိုင်ဖက်ထံမှ သူလျှိုလုပ်ခြင်းနှင့် မသမာသော လှုပ်ရှားမှုအန္တရာယ်များရှိသလို ထိုနိုင်ငံသည် စီးပွားရေးဦးဆောင်နိုင်ငံအဖြစ် အမေရိကန်နေရာကို ရယူရန် ရည်ရွယ်ချက်ရှိရှိကြိုးပမ်းနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

တရုတ် TikTok အက်ပလီကေးရှင်း၏ မိခင်ကုမ္ပဏီ Byte Dance သည် သတ်မှတ်ထားသော အမေရိကန်နိုင်ငံသားများကို အက်ပ်မှတစ်ဆင့် စောင့်ကြည့်ရန် ကြိုးပမ်းသည်ဆိုသော သတင်းများစွာလည်း ပေါ်ထွက်ခဲ့ကြောင်း ဘရန်ဒန်ကားကပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required