တရုတ်သူလျှိုဆော့ဖ်ဝဲလ်များပါသော အက်ပလီကေးရှင်းများဖြင့် ဝီဂါများ ပစ်မှတ်ထားခံနေရ

တရုတ်သူလျှိုဆော့ဖ်ဝဲလ်များပါသော အက်ပလီကေးရှင်းများဖြင့် ဝီဂါများ ပစ်မှတ်ထားခံနေရ

တရုတ်နိုင်ငံတွင်းနှင့် ပြည်ပတွင်နေထိုင်သော ဝီဂါများ၏ တည်နေရာကို ခြေရာခံနိုင်ပြီး အချက်အလက်များကို စုဆောင်းနိုင်သော ဝီဂါဘာသာစကားအက်ပလီကေးရှင်းများတွင် တရုတ်သူလျှိုဆော့ဖ်ဝဲလ် (spyware) အထောက်အထားများကို တွေ့ရှိရကြောင်း ဆိုက်ဘာလုံခြုံရေး သုတေသီများက ပြောသည်။

ဝီဂါများသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ မွတ်စလင်အများဆုံးနေထိုင်သည့် လူနည်းစုဖြစ်ပြီး ထိုဒေသ၌ တရုတ်က လူသားချင်းမစာနာသော ရာဇဝတ်မှုများ ကျူးလွန်နိုင်ကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝီဂါဘာသာစကား Android အက်ပလီကေးရှင်းများသည် တရုတ်နိုင်ငံ ကျောထောက်နောက်ခံပြု ဟက်ကာအဖွဲ့များနှင့်ဆက်စပ်သော သူလျှိုဆော့ဖ်ဝဲလ် နှစ်မျိုးပါဝင်နေသည်ကို ၂၀၁၈ ခုနှစ်ကတည်း တွေ့ရှိရကြောင်း ဆန်ဖရန်စစ္စကိုအခြေစိုက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Lookout ၏ နိုဝင်ဘာ ၁၀ ရက်က

ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါသူလျှိုဆော့ဖ်ဝဲလ်များပါဝင်သည့် အဘိဓာန်များ၊ ဘာသာရေးအက်ပ်များ၊ မြေပုံများနှင့် WhatsApp ပုံတူဗားရှင်းများကို ပြင်ပအက်ပ်စတိုးများနှင့် Telegram ရှိ ဝီဂါဘာသာစကားချန်နယ်များတွင် တွေ့ရသည်။

တရုတ်တွင် တားမြစ်ထားသော တရားဝင် Google Play store တွင် အဆိုပါအက်ပလီကေးရှင်းများကို မရနိုင်သောကြောင့် တရုတ်နိုင်ငံမှ အသုံးပြုသူများသည် ပြင်ပအက်ပ်စတိုးများကို အသုံးပြုကြရသည်။

သူလျှိုဆော့ဖ်ဝဲလ်သည် အသုံးပြုသူ၏တည်နေရာ၊ အဆက်အသွယ်များ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ စာသားမက်ဆေ့ချ်များနှင့် ဖိုင်များအပါအဝင် အရေးကြီးသောအချက်အလက်များကို ဟက်ကာများအား ရရှိစေပြီး ဓာတ်ပုံများနှင့် ခေါ်ဆိုမှုများကိုလည်း မှတ်တမ်းတင်နိုင်သည်ဟု အစီရင်ခံစာက ဆိုသည်။ ယင်းလှုပ်ရှားမှုသည် အဓိကအားဖြင့် တရုတ်နိုင်ငံရှိ ဝီဂါများကို ပစ်မှတ်ထားပုံရသည်။ သို့သော် ရှင်ကျန်းပြင်ပရှိ မွတ်စလင်များနှင့် ဝီဂါများကို ပိုမို ပစ်မှတ်ထားနေကြောင်း သက်သေအထောက်အထားများ တွေ့ရှိခဲ့သည်ဟု ဆိုသည်။ လေ့လာဆန်းစစ်ခဲ့သော နမူနာများစွာအရ တူရကီ သို့မဟုတ် အာဖဂန်နစ္စတန်ကဲ့သို့သော မွတ်စလင်ဦးရေ ပေါများသော နိုင်ငံများအတွက် မြေပုံအက်ပလီကေးရှင်းကဲ့သို့သော တုပပြုလုပ်ထားသည့် သူလျှိုဆော့ဖ်ဝဲများအဖြစ် တွေ့ရကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required