အမိန့်ဖီဆန်မှုဖြင့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို စွဲချက်တင်မည်ဟု ရွေးကောက်ပွဲ ကော်မရှင် ပြော

အမိန့်ဖီဆန်မှုဖြင့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို စွဲချက်တင်မည်ဟု ရွေးကောက်ပွဲ ကော်မရှင် ပြော

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ၏ ဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းနှင့် ပါတီ၏ အခြားအကြီးတန်းခေါင်းဆောင် ၂ ဦးတို့ကို နိုဝင်ဘာလထဲတွင် ရုံးတော် အမိန့် ဖီဆန်မှုဆိုင်ရာ အမှုကိစ္စတစ်ခုဖြင့် စွဲချက်တင်မည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (ECP) က အောက်တိုဘာ ၂၆ ရက်တွင် အရိပ်အမြွက် ပြောကြားထားသည်။

“အီမရန် ခန်း၊ အာဆက်ဒ် အူမာနဲ့ ဖာဝက်ဒ် ချောက်ဒ်ဟရီတို့ ၃ ဦးအနေနဲ့ ရုံးတော်အမိန့် မထီမဲ့မြင်ပြုမှု ကိစ္စမှာ လာရောက်ထွက်ဆိုဖို့ ပျက်ကွက်မယ်ဆိုရင် နိုဝင်ဘာ ၁၀ ရက် နောက်ပိုင်းမှာ သူတို့ကို စွဲချက်တင်ရပါလိမ့်မယ်။

ကျွန်တော်တို့မှာ တခြား ရွေးစရာ ရှိတော့မှာ မဟုတ်ပါဘူး” ဟု ဆင်းဒ်ပြည်နယ်မှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် နီဆာ အာမက်ဒ် ဒါရန်နီက ပြောသည်။

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် ပါတီ၏ ခေါင်းဆောင် ၃ ဦးအပေါ် ရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အကြီးအကဲတို့က စွပ်စွဲထားသည့် အမိန့် ဖီဆန်မှုကိစ္စကို ကြားနာခဲ့သည့် အဖွဲ့ဝင်လေးဦးပါ ခုံအဖွဲ့ကို ဦးဆောင်ခဲ့စဉ် ဒါရန်နီက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

သို့သော် ရုံးတော်သို့ လာရောက်ရှင်းလင်းရန် ဆင့်ခေါ်သည့် အကြောင်းကြားစာက တရားဥပဒေနှင့် ညီ၊ မညီ ဆိုသော မေးခွန်းကို ဦးစွာ ဆုံးဖြတ်သင့်ကြောင်း အီမရန် ခန်း၏ ရှေ့နေ အန်ဝါ မန်ဆူအာက ပြောသည်။

အဆိုပါ ဆင့်ခေါ်စာကို ရွေးကောက်ပွဲ ကော်မရှင်၏ အတွင်းရေးမှူးက ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပါကစ္စတန် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ခြင်း မဟုတ်ကြောင်း သူက ပြောသည်။

အဆိုပါ ကိစ္စကို ပြေလည်အောင် မရှင်းနိုင်ပါက ဆင့်ခေါ်သည့် အကြောင်းကြားစာသည် တရားဥပဒေနှင့် ညီမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly