နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၁၂ နိုဝင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၁၂ နိုဝင်ဘာ ၂၀၂၂) 

နိုဝင်ဘာလ ၁၂ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် တိုးချဲ့ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံပွဲကို နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၉ နာရီက ပြုလုပ် ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် အတွင်းရှိ ကျေးရွာတစ်ခုတွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးကျောင်း၏  ဆောင်းရာသီ အားကစားပွဲတော်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်၊ နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။ 

  • ဗျူဟာအရ အရေးပါသကဲ့သို့ လိုအပ်ချက်များအခက်အခဲများစွာ ကြုံနေရသည့် ချင်းပြည်နယ် ပလက်၀ဒေသအတွက် ပြည်တွင်း၊ ပြည်ပရှိ သွေးချင်းများ အားလုံးက ဝိုင်းဝန်းကူညီပေးရန် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က မေတ္တာရပ်ခံလိုက်သည်။ 
     

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၁၂ ရက်တွင် ဖက်ဆစ် စစ်တပ်အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရှမ်းကုန်းရွာကို ယနေ့ နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၆ နာရီခွဲခန့်က စပြီး အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ချမ်းသာကြီးဘုရားတောင်ဘက် မြန်မာ့စီးပွားရေး ဘဏ်အရှေ့တွင် လုံခြုံရေးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ နိုဝင်ဘာ ၁၂ ရက်၊ နေ့လယ် ၁၁ နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁  ဦးသေဆုံးပြီး ၃ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TBK ဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကောလင်းမြိုနယ်၊ ကျော်ဇေယျာ (၁) ရပ်ကွက်ရှိ ကောလင်းမြိုနယ် တရားရုံး ဝင်ထွက်ပေါ က်တံ ခါးအနီးတွင် နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၉ နာရီအချိန်ခန့်က လက်လုပ်အဝေးထိန်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့သဖြင့် စစ်ကောင်စီ လက်အောက်ခံ တွဲဘက်မြိုနယ်တရားသူကြီး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း နိုဝင်ဘာ ၁၁ ရက်က ဘီယာများအပါအဝင် စစ်တပ် ထုတ်ကုန်များ ရောင်းချနေသူများကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း Chindwin Galone Yarzar Guerrilla Defense Force က ထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မလဲတောကျေးရွာရှိ ပျူစောထီးစခန်းကို နိုဝင်ဘာ ၁၁ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က (၆၀)မမ၊(၄၀)မမ၊လက်နက်ငယ်များဖြင့် စစ်ကြောင်းသုံးကြောင်းခွဲ၍ ပစ်ခတ်ခဲ့ကြောင်း အာဏာရှင် စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့( People's Army To Fight Dictatorship) က ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဆီသာမြေကျေးရွာအား စစ်ကောင်စီမှ နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် Mi35 သုံးစီး၊ ထောက်ပို့ယာဥ် နှစ်စီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အားမာန်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်အပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း YE U Urban Guerrilla အဖွဲ့တာဝန်ရှိသူက ပြောသည်။ 

  •  စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာတွင် နိုဝင်ဘာ ၁၁ ရက်က တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း Black Eagle Local PDF ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းကားကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က ယမန်နေ့ ညပိုင်းအချိန်က မီးတင်ရှို့နေကြောင်း ဒေသသတင်းရင်းမြစ် Wetlet Informational Network နှင့် ဒေသကာကွယ်ရေးအဖွဲ့မှ ဗိုလ်မြေဩဇာက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် နိုဝင်ဘာ ၇ ရက်၊ ညနေပိုင်းက အရက်ဝယ်ပြန်လာသော ရဲနှစ်ဦးအား ဖမ်းဆီးစစ် ဆေးရန်ပြင်ဆင်နေစဥ် ခုခံတိုက်ခိုက်၍ ရှင်းလင်းခဲ့ကြောင်း Chindwin Galone Yarzar Guerilla Defense Force အဖွဲ့ တာဝန်ခံက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တန့်ဆည် PDF ပူး ပေါင်းတပ်တို့ ယမန်နေ့ နိုဝင်ဘာ ၁၁ ရက် တစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း တန့်ဆည် PDF သတင်းရင်းမြစ်ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် အတွင်း အရက်ဝယ်ပြန်လာသည့် ရဲနှစ်ဦးအား ဖမ်းဆီးစစ်ဆေးစဉ် အကြမ်းဖက်ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ချင်းတွင်း ဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ Chindwin Galone Yarzar Guerrilla Defence Force (CGYDF) က နိုဝင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန် သည်။ 

  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အိမ်ခြေ နှစ်ထောင်ကျော်ရှိသော ပရိမ္မရွာကို ယနေ့ နိုဝင်ဘာ ၁၂ ရက်၊ မွန်းလွဲပိုင်းက စတင်ပြီး အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကျက်သရေချောင်းရွာကို နိုဝင်ဘာ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က အကြမ်းဖက်စစ်တပ် မီးရှို့မှု နေအိမ် ၁၅ လုံးကျော် ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ 

  • ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ နှင့် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်တွင် "အလုပ်မဖြစ်တဲ့ အာဆီယံ မူ ငါးချက် စွဲကိုင်နေတာ ချက်ချင်းရပ်" စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်လူထု သပိတ်မှ လူငယ်များက ယနေ့ နိုဝင်ဘာ ၁၂ ရက်တွင်  " ဥပဒေကို စစ်ကျွန်ပြုထားသ၍ ဘယ်တော့မှ တရားမျှတမှုရှိမှာ မဟုတ်ဘူး " စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်မြို့ရှိ တော်လှန်သော လူငယ်များက အလုပ်မဖြစ်သည့် အာဆီယံ မူငါးချက်ကို ဆွဲကိုင်နေမှုများ ရပ်တန့်ရန်နှင့် စစ်ကောင်စီက တရားမဝင် ပြုလုပ်ရန် ကြံရွယ်နေသည့် ၂၀၂၃ ရွေးကောက်ပွဲကို ဆန့်ကျင်ပယ်ချရန် ရည်ရွယ်တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ နိုဝင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက  ရန်ကုန်မြို့တစ်နေရာတွင် ပြုလုပ်ခဲ့သည်။ 

  • ရန်ကုန်မြို့ နေရာတချို့တွင် ရန်ကုန်လူထုသပိတ်က ဦးဆောင်၍  လူထုကိုအားပြုသည့် "FAILED LAW" ဆန္ဒပြလှုပ်ရှားမှုကို ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်မှ စတင် ပြုလုပ်လျက်ရှိသည်ဟု သိရသည်။ 

  • ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊သစ္စာလမ်းမပေါ်ရှိ လက်ဖက်ရည်ဆိုင် တစ်ခုတွင် စစ်ကောင်စီ အရေးပါသူတစ်ဦး ရောက်ရှိနေသော သတင်းအရ နိုဝင်ဘာ ၁၀ ရက်၊ ညနေ ၅ နာရီ မိနစ် ၃၀ ခန့်က ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း God Hand Force အဖွဲ့တာဝန်ရှိသူက ပြောသည်။ 

  • ပြည်သူ့ကမ်းလက်များစစ်ဆင်ရေး အနေဖြင့် လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးနှစ်ခုကို မြန်မာ့တော်ဝင် နဂါးတပ်မတော်(ရန်ကုန် )MRDA-YGN က ၎င်းတို့လုပ်ဆောင်ဟု ထုတ်ပြန်သည့်အပေါ် တရားဝင် ဖြေရှင်းပေးရန် Yangon UG Association (YUA)မှ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ပြောသည်။ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ဗောဓိကျေးရွာက စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး ယမန်နေ့က အရက်ဆိုင်ထဲထိုင်နေစဉ် ပစ်သတ်ရှင်းလင်းခံလိုက်ရကြောင်း စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းက ယနေ့ သတင်းထုတ်ပြန်သည်။ 

  • မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ပြည်သူကို နည်းမျိုးစုံဖြင့်နှိပ်စက် သတ်ဖြတ်နေသည့် ပျူစောထီး ခေါင်းဆောင် ဆိုသူကို  ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ နှစ်ဖွဲ့ ပူးပေါင်း၍ ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း MN PDF က  နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များအား ဘုံသဘောတူညီချက်အတိုင်း စစ်ဆင်ရေးပြုလုပ်သွားမည်ဟု ပခုက္ကူ မြို့နယ် ကိုယ်စားပြုဒေသခံကာကွယ်ရေးအဖွဲ့ ၁၀ ဖွဲ့မှ နိုင်ဝင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ် တရားရုံးသို့ နိုဝင်ဘာ ၉ ရက်၊ နေ့လယ်ပိုင်းက အချုပ်သားများ ရုံးထုတ်လာစဉ် လုံခြုံရေး လိုက်လာသော ရဲတပ်ဖွဲ့ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ထီးလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဦးဆောင်ကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဖဲကြိုးဖြူ ကမ်ပိန်း လှုပ်ရှားမှုကို ယမန်နေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ယောကာကွယ်ရေးတပ် (ဗဟို) လက်အောက်ခံမြို့နယ်အဖြစ်မှ နုတ်ထွက်၍ ညီနောင်အဖွဲ့အဖြစ် ဆက်လက်ရပ်တည်ကာ စစ်အာရှင်တွန်းလှန်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထီးလင်း-YDF အဖွဲ့က  နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ 

  • မကွေးတိုင်း အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်ကို အမြစ်ဖြတ်တိုက်ခိုက် တော်လှန်နေသည့် မဟာမိတ် PDF အဖွဲ့နှစ်ဖွဲ့ထံသို့ ဗိုလ်မထားအဖွဲ့က သေနတ် ၁၁ လက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။  

  • ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ စစ်ကောင်စီတပ် စခန်းချထားသော  ဘောကထာကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စတင်ကာ တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာ၌ ဆက်ကြေးကောက်ပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) မှ နိုဝင်ဘာ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကြောင်း Bago Region PDF က သတင်းထုတ်ပြန်ထားသည်။ 

  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ကျောင်းတောင်ကျေးရွာအတွင်းသို့ နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်သည့် တောင်ဖြူတောင်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကလေးငယ်တစ်ဦး နှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။ 

  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊ ရွှေပြည်သစ်ကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျရောက်၍ အသက် ခုနစ်နှစ် အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် ဒေသခံ ခုနစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သည့် လူငယ်တချို့ကို နိုဝင်ဘာ ၁၁ ရက်၊ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရဲများက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောသည်။ 

  • ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် လတ်တလောဖြစ်ပွားခဲ့သည့် ဒေသမတည်ငြိမ်မှု အခြေနေတို့ကြောင့် ကျေးရွာ ၅ ရွာမှ လူဦးရေ ၂၀၀၀ ကျော်ခန့် ဘေးလွတ်ရာ တိမ်းရှောင်လျက် ရှိနေကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆေးရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။ 

  • မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော အကျပ်အတည်းများသည် ကပ်ဘေးဆိုးကြီးတစ်ခုအဖြစ်သို့ သက်ဆင်းနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အာဆီယံထိပ်သီးအစည်းအဝေးတွင် သတိပေး ပြောဆိုကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန် သည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • မွန်ပြည်နယ်၊ ဘီးလင်းတိုးဂိတ်ဟောင်းတွင် နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၆ နာရီခန့်က စစ်ကား ၁၃ စီးပါ စစ်ယာဉ်တန်း ဖြတ်သန်းစဉ် KNLA ၊ PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဘက်မှ အနည်းဆုံး ၂၀ ခန့် ထိခိုက်သေဆုံးနိုင်ကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတားဂိတ်ကို KNLA နှင့် PDF တပ်များက တိုက်ခိုက်မှုတွင် ဒုရဲမှူး လှကျော်ဦးနှင့် ရဲတပ်သား ၂ ဦးသေဆုံးပြီး ရဲ ၄ ဦး အရှင် ဖမ်းမိခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရသည်။ 

  • ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် နှင့် ကျောက်ကြီးမြို့နယ် KNLA ရင်း ၉/၇ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ် စခန်းများဖြစ်သည့် ကုံးတံတားစခန်း နှင့် ဘောကထာ စခန်း နှစ်ခုကို ယနေ့ နိုဝင်ဘာ ၁၂ ရက်၊ နံနက်အစောပိုင်းက စတင်ပြီး KNLA နှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီ၏ သံဆိပ်စခန်းကို သိမ်းပိုက်နိုင်ရန်အတွက် ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  “ရိုးမ”  ပဲခူးတိုင်း တပ်ရင်း (၃၇၀၂) မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။ 

  • ရခိုင်ပြည်နယ်တွင် သက်ကြီးပိုင်းများ အပါအဝင် ပြည်သူများကို သတ်ဖြတ်နေသည့် ပုဏ္ဏားကျွန်းမှ ခမရ ၅၅၀  အပါ အဝင် စစ်ကောင်စီတပ်ကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်မည်ဟု AA က နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။ 

  • လက်နက်ကိုင်အချင်းချင်း ရင်ဆိုင်မတိုက်ရဲဘဲ အပြစ်မဲ့ပြည်သူကို ဦးတည်တိုက်ခိုက်သော စစ်ကောင်စီ တပ်မှာ သူရဲဘောကြောင်သည့် တပ်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ပြောဆိုလိုက်သည်။ 

  • ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် ကချင်လွတ်လပ်​ရေးတပ်(KIA) ၊ PDF ပူးပေါင်းတပ် နှင့်  စစ်ကောင်စီတပ်တို့ ယမန်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွား​ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

  • အကြမ်းဖက်စစ်ကောင်စီက အာဏာဆက်လက်ရယူနိုင်ရေးအတွက် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်လှုံ့ဆော်မှုများပြုလုပ်လျက်ရှိရာ အဆိုပါရွေးကောက်ပွဲ ဖြစ်စဉ်ကို တက်နိုင်သမျှ ဟန့်တားသွားမည် ဖြစ်ကြောင်း ချင်းလက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့ စုပေါင်း ဖွဲ့စည်းထားသည့် ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) က နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန် အသိပေးလိုက်သည်။ 

 

စစ်ကောင်စီ 

  • နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ပြန်လည်ပေးဆပ်ပြီး ဖြစ်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့က ကျင်းပပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် ပြောသည်။ 

  • ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးတည်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ အစည်းအဝေးတွင် ထပ်ပြောပြန်သည်။ 

  • ရုရှားစီးပွားရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်များ လုပ်ငန်းရှင်များ ဦးဆောင်လာသော Roscongress Foundation သည် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အထူးတာဝန် ပေးအပ်လိုက်သည့်အတွက် မြန်မာနိုင်ငံကို လာရောက်ခြင်း ဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောသည်။ 

  • ယခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာအထိ တပ်မတော်ထဲကို ဝင်ရောက်လာသူများထဲမှ အသက် မပြည့် သံသယဖြစ်ဖွယ် လူငယ် ၄၅ ဦး နှင့် ဆန္ဒမပါသူ  ၁၄၀ ဦးတို့ကို  နှုတ်ထွက်ခွင့် ပြုခဲ့ပြီး ဖြစ်သည်ဟု စစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။ 

  • (၄၀) ကြိမ် နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများအပြီး ထုတ်ပြန်ခဲ့သည့် တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ခြင်းအပေါ် အာဆီယံ ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကို မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချကြောင်း စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ 

  • အခြေခံ စပါးရည်ညွှန်းဈေးကို ကျပ်ခြောက်သိန်းသုံးသောင်း သတ်မှတ်လိုက်သည်ဟု စစ်ကောင်စီ လက်အောက်ခံ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ 

  • နေပြည်တော်တွင် ရှိသည့် ပေါင်းလောင်းရေလွှဲဆည်ကနေ အသေးစားရေအား လျှပ်စစ်စီမံကိန်းတစ်ခု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။ 

  • တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည့် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် (MSME) များကို ကျွန်းသစ်ခွဲသားများ ရောင်းချပေးမည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာသစ်လုပ်ငန်း (MTE) က ကြေညာလိုက်သည်။ 

  • ၂၀၁၄ ခုနှစ်က စတင်ပြီး ယနေ့ထိ ပုံနှိပ်ခြင်း ထုတ်ဝေခြင်း နှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၃၀၀ ကျော်အား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးပြီး ဖြစ်သည်ဟု စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ 

  • မြန်မာနိုင်ငံတစ်ဝန်း တစ်နေ့လျှင် အနည်းဆုံး ၁၄ နာရီမှ ၁၉ နာရီအထိ လျှပ်စစ်မီးများ ပြတ်တောက်နေပြီး  လျှပ်စစ်မီး ၅ နာရီပေး၊ ၅ နာရီ မီးဖြတ်သည့် စနစ်ကို ကျင့်သုံးရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း လျှပ်စစ်ဝန်ထမ်းများထံမှ သိရသည်။ 

  • ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်များတွင် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ယတြာချေသည့် အနေဖြင့် မြို့နယ်တစ်မြို့နယ်လျှင် နေကြာ ဧက ၂,၀၀၀ ကျော် စိုက်ခိုင်းနေကြောင်းဒေသခံများထံက သိရသည်။ 

  • ရှမ်းပြည်နယ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၏ သားဖြစ်သူ ဗိုလ်ကြီးဟောင်း‌ ကျော်ဇေနိုင်က လားရှိုးမြို့နယ်တွင် မြေကွက်များကို အကွက်ရိုက်ပြီး တစ်ကွက်လျှင် သိန်း ၆၅၀ ဖြင့် ရောင်းချလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စည်သာကျေးရွာရှိ ရေစကြို-ပခုက္ကူသွားကားလမ်းအနောက်ဘက်ရှိ မေတ္တာရှင်လူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် ဆရာတော် ဥူးအာစာရ သည် နိုဝင်ဘာ ၁၀ ရက်၊ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။ 

 

နိုဝင်ဘာ ၁၂ ရက် သုံးသပ်ချက် 

  • အကြမ်းဖက် စစ်ကောင်စီက အာဏာဆက်လက်ရယူနိုင်ရေးအတွက် ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပမည်ဟု စစ်ကောင်စီ ခေါင်းဆောင်က အစည်းအဝေးတိုင်းတွင် ထပ်ခါတလဲလဲ ထုတ်ပြော နေ သည်။ စစ်အုပ်စုခေါင်းဆောင်ပိုင်းများက ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်မငြိမ်သက် နေချိန်မှာ တောင် ပြည်သူများကို ချနင်းကာ ရွေးကောက်ပွဲကို အတင်းအကျပ်ပြုလုပ် ရန်စီစဉ်နေခြင်းဖြစ်သည်။ 

  • စပါးဈေးနှစ်ဆမြင့်တက်နေချိန်တွင် စစ်ကောင်စီက မြေပြင်တွင် တကယ်လက်တွေ့ ပေါက်နေသည့် ဈေးနှင့်ကွဲလွဲသည့် ရည်ညွှန်းစပါးဈေး သတ်မှတ်မှုအပေါ် စပါးစိုက် တောင်သူများက အဆင်အခြင်မဲ့ သတ်မှတ်မှုဟု ဝေဖန်နေကြသည်။   

  • နိုင်ငံတစ်ဝန်း ခုခံမှုများကြောင့် အထိနာမှုများနေသည့် စစ်ကောင်စီ တပ်သည် လက်နက်ကြီး နှင့် လေကြောင်းပစ်ကူများကို အဆင်ခြင်မဲ့ ထုတ်သုံး နေမှုများကြောင့် အပြစ်မဲ့ အရပ်သားများ ထိခိုက်သေဆုံးမှု များနေသည်။ 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly