ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြည်သူ ၇ ဦးကို AA သတ်ဖြတ်ခဲ့သည်ဆိုသော သတင်းအမှား

ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြည်သူ ၇ ဦးကို AA သတ်ဖြတ်ခဲ့သည်ဆိုသော သတင်းအမှား

နိုဝင်ဘာလ ၁၂ ရက်

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ၊ ဆင်အင်းကြီးကျေးရွာမှ ပြည်သူ ခုနစ် ဦးအား ရက္ခိုင့်တပ်တော် (AA) က သတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီထောက်ခံသူများ၏ တယ်လီဂရမ်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများတွင် ဖြန့်ဝေရေးသားထားသည်။ ၎င်းအဆိုမှာ မှားယွင်းနေသည်။

Snow Queen အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ နိုဝင်ဘာ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် “စစ်တပ်ကို မယှဉ်နိုင်သည့် AA အကြမ်းဖက်က အရပ်သားများ Tတ်ဖြတ်၍ မီဒီယာ မှ လူမျိုးရေး နာကျည်းစေရန်လှုံ့ဆော် လာ" ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားကာ အရပ်သားများ သေဆုံးမှုမှာ AA ကြောင့်ဖြစ်ပြီး မီဒီယာများတွင် လိမ်လည်နေကြောင်း ပါဝင်သည်။

ဤသတင်းသည် တယ်လီဂရမ်ချန်နယ်နှင့်အတူ ဖေ့စ်ဘုတ်စာမျက်နှာများတွင်လည်း များစွာ ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမ၏ အချက်အလက် စစ်ဆေးချက်များအရ ...

ရခိုင်အခြေစိုက်သတင်းဌာနတစ်ခု ဖြစ်သည့် Development Media Group (DMG) တွင် ဆင်အင်းကြီးကျေးရွာသားများ၏ ပြောစကားအရ "၁၀ ရက်နေ့ ညနေပိုင်းတွင် ကျေးရွာအတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများက အရပ်သားများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း" ဖော်ပြထားသည်။ လင့် - http://bit.ly/3Tuqc4K

တဖန် နိရဉ္စရာ သတင်းဌာနကလည်း ကျေးရွာသားများနှင့် ဆက်သွယ်ကာ - စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ လေးနာရီကျော်တွင် ဆင်အင်းကြီး ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ရွာသားအိမ်များကို မီးရှို့ကာ ရွာသားဆယ်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း သတင်းတင်ဆက်ထားသည်။ လင့် - http://bit.ly/3Ga1PpL

နိုင်ငံတကာသတင်းဌာန တစ်ခုဖြစ်သည့် RFA မြန်မာပိုင်း၏ သတင်း တင်ဆက်မှုတွင်လည်း - စစ်ကောင်စီတပ်သားများ ရွာထဲမှ ပြန်ထွက်သွားသည့် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးနေသည့် အလောင်းများနှင့် မီးလောင်းကျွမ်းနေသည့် အိမ်များကို တွေ့ရကြောင်း မျက်မြင်သက်သေက ဆိုထားသည်။ လင့် − http://bit.ly/3Uwi3Ot

AA က နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သည် ဆင်အင်းကြီးကျေးရွာရှိ ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထား သတ်ဖြတ်ခဲ့သည့်စစ်ကောင်စီတပ်အား အပြင်းထန်ဆုံး လက်စားချေတုံ့ပြန်သွားမည် ဖြစ်ကြောင်း ရေးထားသည်။

ထို့ကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာရှိ ပြည်သူများကို AA သတ်ဖြတ်ခဲ့သည် ဟူသော အဆိုမှာ မှားယွင်းနေပြီး လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲအပေါ် အခြေခံကာ ရခိုင်ပြည်သူများနှင့် AA တို့အကြား နားလည်မှု လွဲမှားစေနိုင်သည့် သတင်းအမှားသာဖြစ်သည်။

မဇ္ဈိမ၏ သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly