မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်ကြောင့် ကလေးငယ်နှင့်အမျိုးသမီးတို့ ဒဏ်ရာရ

မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်ကြောင့် ကလေးငယ်နှင့်အမျိုးသမီးတို့ ဒဏ်ရာရ

November 12

မြောက်ဦး(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၁၂ရက်နေ့၊ နံနက် ၁၀နာရီခန့်တွင် မြောက်ဦးမြို့၊ စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်သည့် တောင်ဖြူတောင်မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်မှာ ကျောင်းတောင်ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိသူများမှာ အသက်(၁၀)နှစ်အရွယ် မောင်ကိုခိုင်ဝင်း နှင့် အသက်(၅၅)နှစ်အရွယ် ဒေါ်မတင်သိန်းတို့ဖြစ်ပြီး မောင်ကိုခိုင်ဝင်း၏ ဝမ်းတွင် လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည်။

“ ဒီကနေ့မနက်က တောင်ဖြူတောင်ကနေ လက်နက်ကြီး သုံးချက်ပစ်ခတ်ခဲ့တယ်။ နှစ်လုံးက ရွာပြင်က တာဝါတိုင်ကိုထိတယ်။ နောက်ဆုံးအဆုံးက ကလေးရဲ့အိမ်နားကိုလာကျတာ သူတို့အိမ်က တာဝါတိုင်နဲ့နီးတယ်။” ဟုကျောင်းတောင်ကျေးရွာသားတစ်ဦးက ပြောသည်။

အသက်(၁၀)နှစ်သားအရွယ် မောင်ကိုခိုင်ဝင်း၏ ဝမ်းဗိုက်ဒဏ်ရာတွင်စိုးရိမ်ရသည့်အတွက် ပန်းမြောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်နေသည်ဟုသိရသည်။

“ ဒေါ်မတင်သိန်းက ထိရှဒဏ်ရာလောက်ပဲရသွားတာပါ။ သူကမစိုးရိမ်ရပါဘူး။ ကလေးက ဝမ်းကိုထိသွားတော့စိုးရိမ်ရပါတယ်။ အခုပန်းမြောင်းဆေးရုံကိုပို့ဆောင်နေပါတယ်။” ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများကို ကျေးရွာများသို့ ရမ်းသန်းပစ်ခတ်နေသည်ဟု ကျေးရွာသားများကပြောသည်။

ထိုအပြင် မနေ့က နိုဝင်ဘာလ ၁၁ရက်နေ့တွင်လည်း ကျောက်တော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှအကြောင်းမဲ့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ကျေးရွာတွင် ကလေးငယ်နှစ်ဦးအပါအဝင် ခုနစ်ဦးဒဏ်ရာရရှိခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း လက်နက်ကြီးကျည် ထိမှန်ပြီး နှစ်ဦးသေဆုံးခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#လက်နက်ကြီးကျည်

#ကျောက်တော်မြို့နယ်

#ရခိုင်ပြည်နယ်

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required