အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကို လက်မခံကြောင်း စစ်ကောင်စီ တုံ့ပြန်

အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကို လက်မခံကြောင်း စစ်ကောင်စီ တုံ့ပြန်

November 12

မဇ္စျိမ။ ။ ဘုံသ​ဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကို လက်ခံမည်မဟုတ်ဘဲ ပြတ်သားစွာပယ်ချကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

အာဆီယံ​ခေါင်း​ဆောင်များ၏ ပြန်လည် သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ​ဖော်ပြချက်များသည် အမှန်တရားနှင့် ကင်းကွာခြင်း၊ အပြုသ​ဘော​ဆောင် ​ဖော်ပြမှုမရှိခြင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်း​ရေးကို ဝင်​ရောက်စွက်ဖက်ခြင်း၊ အာဆီယံပဋိညာဥ်စာတမ်းပါ အ​ခြေခံမူများနှင့် ပြဋ္ဌာန်းချက်များနှင့်အညီ​ဆောင်ရွက်ခြင်းမဟုတ်သည့်အတွက် ပယ်ချသည်ဟု စစ်​ကောင်စီက ဆိုသည်။

အကြိမ် (၄၀) မြောက်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ကမ္ဘာဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် နိုဝင်ဘာလ ၁၁ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာ့အရေးဖြေရှင်းရန် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက်ငါးချက်ကို အချိန်ကာလတစ်ခု သတ်မှတ်ဆောင်ရွက်ရန် အာဆီယံ​ခေါင်း​ဆောင်များက ဆုံးဖြတ်ခဲ့သည်။

စစ်ကောင်စီဘက်က ဘုံသ​ဘောတူညီချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိသလောက်နည်းသည့်အတွက် ထိုသို့အချိန်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ဘုံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ခြင်းကို အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး အကျပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုးမရှိနိုင်သည့်အပြင် လက်ရှိဆောင်ရွက်မှုများအပေါ် ဆိုးကျိုးသက်ရောက်မှုများကိုပင် ဦးတည်သွားနိုင်သည်ဟု စစ်​ကောင်စီက ထပ်မံ တုံ့ပြန်သည်။

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကိစ္စကို အာဆီယံလူသားချင်းစာနာထောက်ထားမှု ကူညီရေးညှိနှိုင်းမှုဗဟိုဌာနနှင့် ပူးပေါင်းဆောင်ရွက်နေခြင်း စသည့် သိသာထင်ရှားသည့် တိုးတက်မှုများစွာရှိသည်ကို လျစ်လျူရှုထားခြင်းအပေါ်များစွာ စိတ်ပျက်မိသည်ဟုလည်း ဆိုသည်။

ထို့အပြင် အာဆီယံထိပ်သီးအစည်းအဝေးများ မတက်ရောက်ရသည့်အပေါ် စစ်ကောင်စီက မြန်မာနိုင်ငံအား တန်းတူရည်တူ မဆက်ဆံခြင်းနှင့် ခွဲခြားဆက်ဆံသည့်လုပ်ရပ်ဟု ဝေဖန်ပြီး ကာယကံရှင်နိုင်ငံ ပါဝင်ခြင်းမရှိသည့် ဆွေးနွေးဆုံးဖြတ်ချက်များကို လက်မခံ ပယ်ချကြောင်းလည်း ဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#အာဆီယံထိပ်သီးအစည်းအဝေး

#မြန်မာနိုင်ငံ

#ငြိမ်းချမ်းရေးဆွေးနွေးပွဲ

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly