တရုတ်က ကိုဗစ်ကန့်သတ်မှုများ ဆက်သတ်မှတ်ထားချိန် Foxconn က အိန္ဒိယစက်ရုံ၌ လုပ်သားအင်အားတိုးမြှင့်

By Neowin.net
11 November 2022
တရုတ်က ကိုဗစ်ကန့်သတ်မှုများ ဆက်သတ်မှတ်ထားချိန် Foxconn က အိန္ဒိယစက်ရုံ၌ လုပ်သားအင်အားတိုးမြှင့်

Foxconn ကုမ္ပဏီသည် လာမည့် ၂ နှစ်အတွင်း အိန္ဒိယနိုင်ငံရှိ iPhone စက်ရုံတွင် လုပ်သားအင်အား ၄ တိုးရန် စီစဉ်လျက်ရှိကြောင်း Reuters က ဖော်ပြသည်။

တရုတ်နိုင်ငံ ကျန်းကျိုးမြို့ရှိ Foxconn ၏ အကြီးဆုံး စက်ရုံမှ iPhone 14 စီးရီးများ ထုတ်လုပ်မှု ကျဆင်းသွားကာ ပစ္စည်းပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် အိန္ဒိယတွင် လုပ်သားအင်အားတိုးမြှင့်သည့်သတင်း ထွက်ပေါ် လာခြင်းဖြစ်သည်။

Apple နှင့် Foxconn တို့သည် ကမ္ဘာတစ်ဝန်း ဖြန့်ဖြူးရောင်းချမှုအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရသည့် အန္တရာယ်များကို လျော့ပါးစေရန် ကြိုးပမ်းနေကြသလို iPhone ထုတ်လုပ်မှုအတွက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု ကွာဟချက်ကို လျှော့ချရန်လည်း လုပ်ဆောင်လျက်ရှိသည်။

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအရ ကျန်းကျိုးခရိုင်မှ လူ ၁ သန်းကျော်ခန့်ကို အသွားအလာ ပိတ်ဆို့လိုက်မှုကြောင့် ထုတ်လုပ်မှုကျဆင်းခဲ့ခြင်းဖြစ်သည်။

Foxconn သည် အိန္ဒိယနိုင်ငံတွင် လုပ်သားအင်အားကို လာမည့် ၂ နှစ်အတွင်း ၅၃ ၀၀၀ တိုးမည်ဖြစ်ကာ စုစုပေါင်း ၇၀ ၀၀၀ ဖြစ်လာမည်ဖြစ်သော်လည်း ကျန်းကျိုးရှိ Foxconn စက်ရုံမှ လုပ်သားအင်အားထက် နည်းပါးနေသေးသည်။

ထိုင်ဝမ်အခြေစိုက် Foxconn ထုတ်လုပ်ရေးကုမ္ပဏီသည် ၂၀၁၉ ခုနှစ်က အိန္ဒိယနိုင်ငံတွင် စက်ရုံ စတင်ဖွင့်လှစ်လိုက်ကတည်းက ထုတ်လုပ်မှုအရှိန် မြှင့်တင်လျက်ရှိသည်။

အားလပ်ရက်ရာသီအတွက် ပစ္စည်းပြတ်လပ်မှုများမဖြစ်စေရန် ထုတ်လုပ်နိုင်စွမ်းနှင့် ပစ္စည်းအရေအတွက်ကို ချိန်ညှိသွားမည်ဟု ကုမ္ပဏီက ပြောသည်။ သို့သော် Apple ကုမ္ပဏီက လာမည့်လများအတွင်း iPhone 14 Pro နှင့် iPhone 14 Max ပစ္စည်းများ ပြတ်လပ်နိုင်ကြောင်း တရားဝင် သတိပေးထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required