တရုတ်နှင့်ရုရှားအန္တရာယ်များကို ပြင်သစ်စစ်တပ်အစီရင်ခံစာတွင် ဖော်ပြထား

By Taipei Times
11 November 2022
တရုတ်နှင့်ရုရှားအန္တရာယ်များကို ပြင်သစ်စစ်တပ်အစီရင်ခံစာတွင် ဖော်ပြထား

ပြင်သစ်အစိုးရမှ ထုတ်ပြန်သော ကာကွယ်ရေးမဟာဗျူဟာအစီရင်ခံစာတွင် ရုရှားနှင့် တရုတ်တို့ကြောင့်ဖြစ်သော လုံခြုံရေးအန္တရာယ်များကို အလေးထားဖော်ပြထားရာတွင် ထိုင်ဝမ်ရေလက်ကြားရှိ အခြေအနေကို ပြောင်းလဲရန် တရုတ်၏ အတင့်ရဲသော ကြိုးပမ်းအားထုတ်မှုများလည်း ပါဝင်သည်။

ပြင်သစ်နိုင်ငံ၏ ၂၀၃၀ ခုနှစ်ကာကွယ်ရေး မျှော်မှန်းအခြေအနေကို ဖော်ပြသည့် ၂၀၂၂ ခုနှစ် နိုင်ငံတော် မဟာဗျူဟာသုံးသပ်ချက်ကို နိုင်ငံကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ပြင်သစ်အတွင်းရေးမှူးချုပ်ရုံးက နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) နှင့် တရုတ်စစ်တပ်၏ ရည်မှန်းချက်မှာ ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံအဖြစ် အမေရိကန်၏နေရာကို အစားထိုးရန်ဖြစ်သည် အစီရင်ခံစာကို အစပျိုးရေးထားသည်။

တရုတ်သည် ထိုရည်မှန်းချက်ကို လက်ကိုင်ထားလျက် အမေရိကန်အင်အားနှင့်အနောက်နိုင်ငံများ၏ အုပ်ချုပ်မှုပုံစံသည် အားပျော့လာပြီဖြစ်ကြောင်း ယုံကြည်ထားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် တရုတ်သည် အနောက်နိုင်ငံများဦးဆောင်မှု အားပျော့သွားစေရန် ၎င်း၏ဩဇာအာဏာသစ်ကို အသုံးချရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

တရုတ်၏ စစ်ရေးခေတ်မီမှုသည် အင်ဒို-ပစိဖိတ်ဒေသ အထူးသဖြင့် ထိုင်ဝမ်ရေလက်ကြားတွင် လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ရန်လိုသောမဟာဗျူဟာကို ဆက်ကျင့်သုံးခွင့်ပြုထားသည်ဟု အစီရင်ခံစာက ဆိုသည်။

ထိုင်ဝမ်ရေလက်ကြားရှိ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အစီရင်ခံစာ၏ ကိုးကားချက်သည် ထိုင်ဝမ်အပေါ် ပြင်သစ်အစိုးရ၏ ပြတ်ပြတ်သားသား ထောက်ခံမှုကို ပြသလိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအတွင်း ပြဿနာနှင့်ပတ်သက်ပြီး ယေဘုယျသဘောတူညီချက်ကို အလေးထားပြသခြင်းဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required