ငါန်းဇွန်တွင် ပြည်သူကိုနည်းမျိုးစုံဖြင့် ဒုက္ခပေးသတ်ဖြတ်နေသည့် ပျူစောထီး ခေါင်းဆောင်ဆိုသူကို PDF ပစ်ခတ်ရှင်းလင်း

ငါန်းဇွန်တွင် ပြည်သူကိုနည်းမျိုးစုံဖြင့် ဒုက္ခပေးသတ်ဖြတ်နေသည့် ပျူစောထီး ခေါင်းဆောင်ဆိုသူကို PDF ပစ်ခတ်ရှင်းလင်း

နိုဝင်ဘာလ ၁၁ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ပြည်သူကို နည်းမျိုးစုံဖြင့်နှိပ်စက် သတ်ဖြတ်နေသည့် ပျူစောထီး ခေါင်းဆောင် ဆိုသူကို ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ နှစ်ဖွဲ့ပူးပေါင်း၍ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း MN PDF က ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ငါန်းဇွန်မြို့နယ် ခြင်္သေ့လတ်ကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဦးထွန်းရင်ဆိုသူကို ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်သန်းမြင့်ကိုလည်း ပစ်ခတ်သတိပေးခဲ့ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူး အောင်သန်းမြင့်ကိုတော့ သတိပေးရုံ အရေးယူခဲ့ပြီး၊ ပျူစောထီး ခေါင်းဆောင်ထွန်းရင်ကိုတော့ နှုတ်ခမ်းနီ(ကျည်ဆန်) ခုနစ် တောင့် ဆိုးပေးလိုက်ပါတယ်” ဟု MN PDF တာဝန်ရှိသူကဆိုသည်။

ငါန်းဇွန်မြို့နယ် ခြင်္သေ့လတ်ကျေးရွာနေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်သန်းမြင့်ကို ပြည်သူနှင့်အတူ ပူးပေါင်းဖို့ ရည်ရွယ်ချက်ဖြင့် လက်မောင်းကို သတိပေးပစ်ခတ်ခဲ့ပြီး အောင်သန်းမြင့်ဖုန်းကို သိမ်းဆည်းခဲ့ပါသည် ဟု MN PDF ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် ပျူစောထီးခေါင်းဆောင်ထွန်းရင်သည် စခ(စစ်ကောင်စီတပ်သား)များနှင့် ပူးပေါင်း၍ ကျေးရွာအနီးရှိပြည်သူများကို နည်းမျိုးစုံဒုက္ခပေးရုံမက အပြစ်မဲ့ပြည်သူ တစ်ဦးကို ပျူစောထီးထွန်းရင်ကိုယ်တိုင် ရွာထိပ်တွင် သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် MN PDF တပ်ဖွဲ့နှင့် ဇာမဏီ မြို့ပြပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခဲ့သည် ဟု MN PDF က ဆိုထားသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း ပြည်သူကိုရန်ပြုနှိပ်စက်သတ်ဖြတ်နေသော စစ်ကောင်စီ၏ ဒေါက်တိုင်ပျူစောထီးနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏အမည်စာရင်းကို ဒေသကာကွယ်ရေးတပ်များကရရှိထားပြီး ဖြစ်ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly