နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၁၁ နိုဝင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၁၁ နိုဝင်ဘာ ၂၀၂၂) 

နိုဝင်ဘာလ ၁၁ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • စစ်အုပ်စုနှင့် ၎င်းတို့နှင့်ဆက်နွှယ်နေသည့် ခရိုနီများကို ဥရောပသမဂ္ဂ(EU)နှင့် အမေရိကန်တို့က စီးပွားရေးပိတ်ဆို့မှုများထပ်မံတိုးမြှင့်ဆောင်ရွက်ခဲ့ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုကြောင်း ယမန်နေ့က ထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နေထိုင်ခဲ့သည့် မြောက်ဥက္ကလာပ (ဂ) ရပ်ကွက်၊ နီလာ (၃) လမ်းမှာရှိသော နေအိမ်ကို စစ်ကောင်စီ လက်အောက်ခံ ရဲများ နှင့် အရပ်ဝတ်အဖွဲ့များက နိုဝင်ဘာ ၉ ရက်၊ ညနေပိုင်းတွင် လာရောက် ချိပ်ပိတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပဲခူးခရိုင် တပ်ရင်း(၃၇၀၁) တပ်ရင်း အနေဖြင့် စစ်ရေးလှုပ်ရှားမှုအရှိန်မြှင့်တင်နိုင်ရေးအတွက် ကျည်နှင့်လက်နက်များ ဝယ်ယူရန် “ နှုတ်ခမ်းနီများနဲ့ မိုးရွာမယ့် သိန်း ၅၀၀၀ ” ကမ်ပိန်းတစ်ရပ် ပြုလုပ်လျက်ရှိရာ ပြည်သူများ ပါဝင်ပေးကြရန် အဆိုပါ တပ်ရင်းက တိုက်တွန်းထားသည်။ 

  • တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက် မှ စတင်ကာ ၈ ရက် အထိ စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၄၀ နီးပါး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ တပ်ရင်း (၁) ၏ သတင်းနှင့် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ နှင့် ဆက်စပ် ဆွေးနွေးပွဲဖြစ်သည့် အမေရိကန် - အာဆီယံဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နှင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့က အာဆီယံခေါင်းဆောင်တွေနှင့် အတူ မြန်မာ့အရေး ဆွေးနွေးကြမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်က ပြောသည်။ 

  • မြန်မာနိုင်ငံ ကိုယ်စားပြုသူ မပါသည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲများ နှင့် ဆက်စပ်ဆွေးနွေးပွဲများကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်းပင်တွင် ယမန်နေ့ စတင်ကျင်းပနေကြောင်း သိရသည်။ 

  • အာဆီယံသည် ၎င်းတို့၏ အလုပ်မဖြစ်သော မူ ၅ ချက်ကို စွန့်လွှတ်ကာ မြန်မာပြည်သူများ၏ မျှတသော တောင်းဆိုချက်များနှင့် ရည်မှန်းချက်များအတွက် အခြားမတူကွဲပြားသော နည်းလမ်းများဖြင့် ချဥ်းကပ် အဖြေရှာပေးရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က တောင်းဆို လိုက်သည်။ 

  • ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ စစ်ရေး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

  • ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းသည် အမှုနှစ်မှုဖြင့် ထပ်တိုးဖွင့်လှစ်ခံ ထားရသည်ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ဦး ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရသဖြင့် မိသားစုဝင်များက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ တိုင်ကြားထားကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်သားများကို ယနေ့ နိုဝင်ဘာ ၁၁ ရက်၊ နံနက်ပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ စစ်သား ၅ ဦး သေဆုံးသွားကြောင်း မြင်းခြံ Zero ပြောက်ကျား တပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ အခြေစိုက် ကလေး PDF တပ်ရင်း ( ၂ ) မှ AK တစ်လက် နှင့် ကျည်ကာ ၁၀ ခု အတွက် သိန်း ၁၅၀ ပြည့်မီရန်  " အိမ်လွမ်းသူအတွက် Gun တစ်လက် " အမည်ဖြင့် ချဲလင့် (challenge) ခေါ်ထားကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် တရားရုံးတွင် ပါဆယ်ဗုံးပေါက်ကွဲပြီး မြို့နယ်တွဲဖက်တရားသူကြီး ဘရန်ဆိုင်း သေဆုံးကြောင် 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ စန္ဒကူးလမ်း​ဆုံ၊ ရေစင်ကြီးအနီးတွင် နိုဝင်ဘာ ၁၀ ရက်၊ ညနေ ၆ နာရီခွဲခန့်က ဆင်ထားသည့် မိုင်းအား ဆိုင်ကယ်နှင့် ခေါက်တုံ့ခေါက်ပြန် ပတ်ကြည့်ပြီး ဓာတ်ပုံရိုက်သွားသော စစ်ကောင်စီ၏ ကင်းထောက်တစ်ဦးအား မိုင်းနှစ်လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း  Golden Eagle Force-Monywa-V2 အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းယုန်က ပြောသည်။ 

  • တော်လှန်ရေး အောင်ပွဲဆီ မြသွေးလူထု ချီတက်မည်သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၁၁  ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဒေသခံ ပြည်သူများ ဦးဆောင်ကာ "စစ်ခွေး ရွေးကော် ဥက္ကဋ္ဌ ကနီနယ်သား မျိုးဖျက်ကောင် သိန်းစိုးအလိုမရှိ" စာတန်း ကိုင်ဆောင်ကာ ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၁၀ ရက်မြောက်နေ့ အဖြစ် ယနေ့ နိုဝင်ဘာ ၁၁ ရက် တွင် ဆက်လက်ချီတက်ဆန္ဒပြကြသည်။ 

  • မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီများ နှင့် အနောက်မြောက်လွင်ပြင် သပိတ်အင်အားစုများ ဦးဆောင်ကာ ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်တွင် "ထကြွတော်လှန် ကျောင်းသား ထုအားမာန် " စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ်စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မီးမောင်းကုန်းကျေးရွာ နှင့် ရွာထောင်ရွာကို ယနေ့ နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၈ နာရီခွဲ မှ နံနက် ၁၀ နာရီအထိ စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး ရွာအနီးအနားတွင် စစ်အင်အားအများအပြား ချထားသဖြင့် ပြည်သူ ထောင်ချီထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဒေသခံ ပြည်သူ ၂ ဦးဖြစ်သည့် ကိုဖိုးလပြည့်နှင့်ကိုစိန်သန့်တို့ကို နိုဝင်ဘာ ၇ ရက်က ဓားစာခံ အဖြစ် ဖမ်းဆီးပြီး ပစ်သတ်ခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း ၊ မုံရွာမြို့၊ ကျောက္ကာလမ်း ရေကူးကန်မီးပွိုင့်ဂိတ်တွင် အရက်မူးပြီး အိပ်ပျော်နေသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တော် (Chindwin Attack Force)တပ်ရင်း (၂)၊ တပ်ခွဲ(၂) Monywa Special ဒိတ်ဒိတ်ကြဲ PDF မှ နိုဝင်ဘာလ ၉ ရက်က သတင်းထုတ်ပြန်သည်။ 

  • မကွေးတိုင်း၊ ဆောမြို့နယ်၊ လက်ပန်းရွာကို နိုဝင်ဘာ ၁၀ ရက်၊ နေ့လယ်ပိုင်းက စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အမျိုးသမီး ၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး အသက်အန္တရာယ် စိုးရိမ်းရကြောင်း ယောအလင်းတန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • အာဏာသိမ်းပြီးနောက် မတရား ဖမ်းဆီးထောင်ချထားတဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်ခါနီးတွင် ပြန်လွှတ်မပေးဘဲ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် နှင့် စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျ တို့ကို စစ်ကောင်စီက နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုဖြင့် ပုဒ်မထပ်တိုးလိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။ 

  • မန္တလေးတိုင်း၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်သည် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရခြင်းမှ ယမန်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများထံက သိရသည်။ 

  • မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာဝင်းမှာ ယမန်နေ့ ညပိုင်းက စစ်အုပ်စု ဧည့်စာရင်းဝင်စစ်ကာ လူ ၃၀ ဦးခန့် ဖမ်းဆီးသွားခဲ့ကြောင်း အဆိုပါ အိမ်ရာတွင် နေထိုင်သူများထံမှ စုံစမ်းသိရသည်။ 

  • ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသည့် ဗိုလ်မှူးလူယုံ ဦးမျိုးသူ (ခ)ခေါလေးဆိုသူ နိုဝင်ဘာ ၁၀ ရက်၊ ည ၇ နာရီခွဲခန့်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။ 

  • ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မြာကျေးရွာကို ပစ်ခတ် ၀င်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များက နိုဝင်ဘာ ၇ ရက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ နှင့် ကတွဲရွာကြားလမ်းပိုင်းတွင် ယနေ့ နိုဝင်ဘာ ၁၁ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီ ယာဥ်တန်းက ကား ၃ စီး မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းက စစ်ရေးသတင်းများကို ဖော်ပြနေသည့် Dawei Information Center က ထုတ်ပြန်သည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကြက်စားပြင် ရပ်ကွက်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်၊ ညပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ထားဝယ် PDF ရဲဘော် တစ်ဦး ဖြစ်သည့် ကိုအောင်ခိုင်၏ ဖခင် နှင့် အမျိုးသားနှစ်ဦး အနက် ဦးနော်မဲဆိုသူသည် ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက် ညှဥ်းပန်း နှိပ်စက်မှုကြောင့် ဒဏ်ရာများနှင့် အတူ ပြန်လည် လွတ်မြောက်လာကြောင်း ၎င်းနှင့် နီးစပ် သူများထံမှ သိရသည်။ 

  • ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအတွင်း ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာချုပ် လက်အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ ခေါ်ဆောင် စစ်ဆေးနေသော ဘူးဂါးလျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်းများ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီနှင့်နီးစပ်သော သတင်းရင်းမြစ်များက ဆိုသည်။ 

  • ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံရွာတွင် ယနေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်အပါအဝင် စစ်တွေရှိ ၃၄၄ တပ်တို့က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်နေရာ လက်နက်ကြီးကျည် ကျ၍ တစ်ဦးသေဆုံးပြီး နောက်ထပ် ပြင်းထန်ဒဏ်ရာ ရရှိသူကို ဆေးရုံသို့ ပို့ဆောင်စဥ် လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

  • ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်သားများက ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်က အဖွားအိုတစ်ဦး အပါအဝင် ကိုးဦးခန့်ကို သတ်ဖြတ်ပြီး ကျေးရွာရှိ နေအိမ်တချို့ကို မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • တပ်မ (၆၆) လက်အောက်ခံ ခမရ(၄)မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် လာရောက် ပူးပေါင်းကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း- ၂ က ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။ 

  • ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်တပ်မဟာ(၆)နယ်မြေတွင်ရှိသော ဘလဲ့ဒိုကျေးရွာ ဝန်းကျင်တစ်ဝိုက်တွင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်ကစပြီး နေ့လယ် ၁ နာရီအထိ စစ်ကောင်စီတပ်က MI-35 က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကိုတော့ မသိရှိရ သေးကြောင်း ကော်ဘရာစစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

  • ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း၊ ရန်အောင်မြင်ကျေးရွာ နယ်ခြားစောင့်စခန်းကို နိုဝင်ဘာ ၁၀ ရက် ၊ နေ့လယ်ပိုင်းက ရက္ခိုင့်တပ်တော် (အေအေ) က ဝင်တိုက်ခဲ့သည်ဟု ရန်အောင်မြင် ကျေးရွာ ဒေသခံ များက အတည်ပြု ပြောသည်။ 

  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ၎င်းတို့ တပ်စွဲထားချိန်တွင် ပြည်သူများအား မီးရှို့သတ်ဖြတ်ထားခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ပြန်ကြားရေးဌာန မှ နိုဝင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။ 

 

စစ်ကောင်စီ 

  • မှတ်ပုံတင်နံပတ်ရှိပြီး အချက်အလက်မစုံလင်သည့် မှတ်ပုံတင်ကတ် ၁ သန်းကျော်ရှိ၍ မှားယွင်းမှုများ ထပ်မံမဖြစ်ပွားစေရန် အဆင့်ဆင့်ဆောင်ရွက်နေသည်ဟု စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက နိုဝင်ဘာ ၁၀ ရက် နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ အတွက် မဲစာရင်းပြုစုရေး ဆိုင်ရာ အစည်းအဝေးတွင် ပြောသည်။ 

  • စစ်ကောင်စီ ငြိမ်ချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို ယမန်နေ့က အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ 

  • ဘက်ထရီ မှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် လျှပ်စစ်သုံးယာဉ် အမျိုးအစားများအတွက် အကောက်ခွန်နှုန်း များကို သုည ရာခိုင်နှုန်းကို လျှော့ချ သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။ 

  • ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုအား အရေးပေါ်ပြုပြင်နေရာ ၄၃၃ မဂ္ဂါဝပ်ခန့် ဓာတ်အားပို့လွှတ်မှု လျော့နည်း၍ ဝန်အားလျော့ချနေရဟု စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော် ပိုရေးရှင်း YESC က အသိပေးထုတ်ပြန်ခဲ့သည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁ ရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးကို PDF တပ်ဖွဲ့ဝင်များက ယမန်နေ့  နံနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နာရီပိုင်းအတွင်း စစ်ကောင်စီ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်ဆယ်နိုင်ခဲ့ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

  • နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့်တို့ အပေါ် အပြီးသတ်အမိန့်ချမှတ်ထားသည့် အမှုများထဲက ရာဇဝတ်ပြင်ဆင်မှုတက်ထားသည့် အမှုအချို့ကို ပြန်လည်ကြားနာရန် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယမန်နေ့က လက်ခံလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။ 

  • စစ်ကောင်စီပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီအတွက်  စစ်တပ်ထိပ်ဆုံးခေါင်းဆောင်မှစ၍ အောက်ခြေတပ်သားများအထိ အစုရှယ်ယာငွေများတိုးမြှင့်ထည့်ဝင်ကြရေး စည်းရုံးဆောင်ရွက်ရန် စစ်တပ်အတွင်း အမိန့်ထုတ်ထားကြောင်း သိရသည်။ 

  • ရန်ကုန်တိုင်း၊ ရွှေပြည်သာမြိုနယ်၊ ၂၆ ရပ်ကွက်ရှိ  အများပြည်သူံးရေကန်မြေနေရာကို စစ်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မျိုးထွဋ်တို့ ပူးပေါင်း၍ သိန်း ၆၀၀၀ ဖြင့် ရောင်းစားလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ 

 

နိုဝင်ဘာ ၁၁ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီသည် လက်နက်ခြင်း ယှဉ်ပြိုင်ပြီး အနိုင်မရသည့်အခါ လက်နက်မဲ့ ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်နေသည်။ ယခုလည်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် သက်ကြီးရွယ်အို အဖွားအိုပါမကျန် ပြည်သူများကို လူမျိုးသုဉ်း သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်။ 

  • စစ်ကောင်စီ ကိုယ်စားပြုသူတက်ခွင့် ဆက်ပိတ်ထားသည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲများကို ကျင်းပ ပြုလုပ်နေသည်။ စစ်ကောင်စီက ပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်နေသလို အာဆီယံ ဘုံသဘောတူညီချက် များကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် အာဆီယံက စစ်ကောင်စီကို ယခုထက်ပို၍ ထိရောက်သည့်အရေးယူမှုမျိုးလိုအပ်နေသည်။ 

  • စစ်ကောင်စီသည် တစ်နိုင်ငံလုံး မီးမှန်အောင် မပြုလုပ်ပေးနိုင်ဘဲ လျှပ်စစ်ကားများကို တင်သွင်းမှုကို အခွန်ကင်းလွတ်ခွင့်ပေးခြင်းသည် စီမံခန့်ခွဲမှု အလွဲအမှားနေသည်ဟုဆိုရမည်ဖြစ်သည်။ 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly