ပါကစ္စတန်တွင် တရုတ်စီမံကိန်း အလုပ်သမားများ ကျည်ကာကားများဖြင့် သွားလာမည်

By ANI
11 November 2022
ပါကစ္စတန်တွင် တရုတ်စီမံကိန်း အလုပ်သမားများ ကျည်ကာကားများဖြင့် သွားလာမည်

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းတွင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် ဘေးကင်းရေးအတွက် စိုးရိမ်မှုများ ကြီးမားလာပြီး တရုတ်အလုပ်သမားများ၏ ပြင်ပသွားလာမှုများအတွက် ကျည်ကာယာဉ်များကို အသုံးပြုရန် ပါကစ္စတန်နှင့် တရုတ်တို့က နိုဝင်ဘာ ၆ရက်က သဘောတူလိုက်သည်။

ပါကစ္စတန်နှင့် တရုတ်တို့ ကျင်းပခဲ့သည့် CPEC ၏ ၁၁ ကြိမ်မြောက် ပူးတွဲပူးပေါင်းဆောင်ရွက်ရေးကော်မတီ (JCC) ၏ သဘောတူညီချက်မူကြမ်းတွင် "စီမံကိန်းများတွင် လုပ်ကိုင်နေသော တရုတ်များ၏ ပြင်ပသွားလာမှု အားလုံးအတွက် ကျည်ကာယာဉ်များကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း” The Express Tribune သတင်း ဖော်ပြခဲ့သည်။

ရာဇဝတ်မှုများကို တရုတ်နိုင်ငံသားများပါဝင် စုံစမ်းစစ်ဆေးမှုအား အရှိန်မြှင့်ရန် အမျိုးသားမှုခင်းသိပ္ပံ အေဂျင်စီ (NFSA) ကို ခေတ်မီစနစ်များဖြင့် တည်ဆောက်မည်ဟု ဆုံးဖြတ်ခဲ့သည်။

အစ္စလာမာဘတ်မြို့ရှိ နိုင်ငံတော်မှုခင်းဆေးသိပ္ပံဓာတ်ခွဲခန်းကို အဆင့်မြှင့်တင်ရေးအတွက် တရုတ်ဘက်မှ ပံ့ပိုးပေးရန် ပါကစ္စတန်က တောင်းဆိုခဲ့သလို တရုတ်ကလည်း ပုဂ္ဂလိကလုံခြုံရေးအစောင့်များနှင့် LEA

ဝန်ထမ်းများအတွက် လေ့ကျင့်ရေး စင်တာတစ်ခုကို ခေတ်မီနည်းပညာများနှင့် ပစ္စည်းများ တပ်ဆင်သွားရန် ကတိပြုထားသည်။

မျှော်လင့်ထားသည့်အတိုင်းမဟုတ်ဘဲ ပါကစ္စတန်နှင့် တရုတ်တို့သည် ယခုသီတင်းပတ်အစောပိုင်းက ပါကစ္စ တန်ဝန်ကြီးချုပ် ရှတ်ဘတ်ဇ်ရှရစ်ဇ်၏ ၂ ရက်ကြာခရီးစဉ်အတွင်း ၁၁ ကြိမ်မြောက် JCC သဘောတူညီချက်ကို လက်မှတ်မရေးထိုးခဲ့ကြပေ။

ယခင်က JCC ပြီးပြီးချင်း မှတ်တမ်းများကို ရေးထိုးခဲ့ကြသည်။ ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မှတ်တမ်းများ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အစည်းအဝေးအပြီးတွင် စီမံကိန်းဝန်ကြီး အက်ရှန်အိုင်ဘယ်လ်က ပြောကြား ခဲ့ကြောင်း The Express Tribune က ဖော်ပြခဲ့သည်။

JCC သဘောတူညီချက်များအပါအဝင် နားလည်မှု စာချွန်လွှာအချို့ကို ၂၄ နာရီသာကြာသည့် တိုတောင်းသော ခရီးစဉ်ကြောင့် လက်မှတ်မထိုးနိုင်ခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။

“၂၄ နာရီအတွင်း အစည်းအဝေး ၁၇ ကြိမ်လောက် ပြုလုပ်ခဲ့ပြီး တခြားအရေးကြီးတဲ့ ဆွေးနွေးပွဲတွေအတွက် အချိန်မကျန်တော့ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သလို ကိုယ်စားလှယ်အဖွဲ့သည် မကြာမီ တရုတ်သို့ လက်မှတ်ထိုးရန် လူကိုယ်တိုင် သွားရောက်ခြင်း သို့မဟုတ် အွန်လိုင်းမှ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required