နိုင်ငံတော်သီချင်းဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် ပထမဆုံးပြစ်ဒဏ်အဖြစ် ဟောင်ကောင်သတင်းထောက် ထောင် ၃ လ ချမှတ်ခံရ

နိုင်ငံတော်သီချင်းဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် ပထမဆုံးပြစ်ဒဏ်အဖြစ် ဟောင်ကောင်သတင်းထောက် ထောင် ၃ လ ချမှတ်ခံရ

ဟောင်ကောင်မှ အွန်လိုင်းသတင်းထောက်တစ်ဦးသည် တိုကျိုအိုလံပစ်ပွဲတော် ဓားရေးပြိုင်ပွဲ၌ ရွှေတံဆိပ်ရသူအတွက် ပြည်သူများအောင်ပွဲခံနေချိန်တွင် ကိုလိုနီခေတ်ဟောင်ကောင်အလံကို ဝှေ့ယမ်းခဲ့မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံပြီးနောက် နိုင်ငံတော်သီချင်းဥပဒေချိုးဖောက်မှုဖြင့် ပထမဆုံးပြစ်ဒဏ်ချမှတ်ခံရသူ ဖြစ်လာသည်။

ယမန်နှစ်က APM ဈေးဝယ်စင်တာ၌ လူ ၁ ၀၀၀ ခန့်ကြည့်ရှုနေသည့် ဒစ်ဂျစ်တယ်ဖန်သားပြင်၌ ဆုပေးပွဲအခမ်းအနားပြသနေစဉ် ထိုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကွမ်တောင်တရားရုံးက အသက် ၄၂ နှစ်အရွယ် ပေါ်လာလျောင်ယန်လင်းကို နိုင်ငံတော်သီချင်းစည်းမျဉ်းချိုးဖောက်မှုအတွက် ထောင် ၃ လချမှတ်ခဲ့သည်။

အီတလီပြိုင်ပွဲဝင် ဒန်နီလီဂါရော့ဇိုကို အနိုင်ရသည့် ဟောင်ကောင် ဓားရေးသမား အက်ဂါချောင်ကာလောင်ကို ရွှေတံဆိပ်ဆု ချီးမြှင့်စဉ် လျောင်က ဗြိတိသျှဟောင်ကောင်အလံကို ဝှေ့ယမ်းခဲ့ကာ တခြားသူများကလည်း ဟောင်ကောင်အားကစားပွဲများတွင် ကြွေးကြော်လေ့ရှိသည့် We are Hong Kong ဟုအော်ဟစ်ခဲ့ကြသည်။

ယာယီတရားသူကြီး အေမီချန်းဝေမန်က လျောင်သည် နိုင်ငံတော်သီချင်းကို ပြက်ရယ်ပြုကာ နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်သည်ဟု ဆုံးဖြတ်ခဲ့သည်။

အလံဝှေ့ယမ်းခြင်းသည် အခြေအနေကို မဆိုးရွားစေခဲ့ကြောင်း တရားခံရှေ့နေက ချေပခဲ့သော်လည်း အစိုးရရှေ့နေက ဒိုင်ယာနာချန်ယင်က ပယ်ချလိုက်ပြီး လျောင်၏လုပ်ရပ်သည် နိုင်ငံတော်သီချင်းကို လှောင်ပြောင်ရန် အနီးမှလူများအား လှုံ့ဆော်ခဲ့သည်ဟု ဆိုသည်။

အစိုးရထောက်ခံသော တက်ကြွလှုပ်ရှားသူအဖွဲ့ Politihk Social Strategic က ရဲထံ တိုင်တန်းခဲ့ပြီးနောက် ယမန်နှစ် ဇူလိုင် ၃၀ ရက်က လျောင်အား ဖမ်းဆီးခဲ့သည်။

နိုင်ငံတော်သီချင်းကို မထီမဲ့မြင်ပြုပါက ထောင်ဒဏ် ၃ နှစ် နှင့် ဟောင်ကောင်ဒေါ်လာ ၅၀ ၀၀၀ ဒဏ်ကြေး ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required