တရုတ်၏ ကြမ်းတမ်းရက်စက်သော စီမံချက်များနှင့် အချုပ်အခြာအာဏာအပေါ် ခြိမ်းခြောက်မှုကို အာဖရိကနိုင်ငံများ ရင်ဆိုင်နေရ

By ANI
11 November 2022
တရုတ်၏ ကြမ်းတမ်းရက်စက်သော စီမံချက်များနှင့် အချုပ်အခြာအာဏာအပေါ် ခြိမ်းခြောက်မှုကို အာဖရိကနိုင်ငံများ ရင်ဆိုင်နေရ

တရုတ်နိုင်ငံသည် အာဖရိကတွင် အချိန်နှင့် ငွေကြေးများစွာ ရင်းနှီးမြုပ်နှံလျက်ရှိသော်လည်း အာဖရိကနိုင်ငံများ၏ အချုပ်အခြာအာဏာကို ကြီးမားသော အန္တရာယ်ထဲသို့ ကျရောက်စေမည့် ရက်စက်သော ရေရှည်စီမံချက်များဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စုံစမ်းထောက်လှမ်းမှုဆိုင်ရာ သတင်းဝက်ဘ်ဆိုက် Reportika တွင် ဖော်ပြထားသည်။

တရုတ်အလုပ်သမား ၂၀၀၀၀၀ ကျော်သည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အတွက် အလုပ်လုပ်ရန် ၂၀၁၂ ခုနှစ်က အာဖရိကသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။

အာဖရိကတွင် တရုတ်မှရွှေ့ပြောင်းလာသူ ၁ သန်းကျော်ရှိသည်။ ထို့ပြင်နိုင်ငံပိုင် လုပ်ငန်း ၂ ၀၀၀ ကျော်နှင့်အတူ တရုတ်ကုမ္ပဏီ ၁၀ ၀၀၀ ကျော် ရှိသည်။

တရုတ်၏ချုပ်ကိုင်မှုများအောက်တွင်ကျရောက်နေသော အာဖရိကနိုင်ငံများစွာရှိပြီး နိုင်ဂျီးရီးယား၊ လီဆိုသိုနှင့်တန်ဇန်နီးယားတို့ပါဝင်သည်။ လီဆိုသိုနှင့်နိုင်ဂျီးရီးယားတွင် ဖူကျိုးရဲတပ်ဖွဲ့ရှိသလို တန်ဇန်နီးယားတွင်လည်း ချင်းထျန်းရဲတပ်ဖွဲ့ ရှိသည်။

အဆိုပါဌာနများ၏ အဓိကရည်ရွယ်ချက်တစ်ခုမှာ ထိုင်ဝမ်နှင့် အခြားနိုင်ငံများတွင် ဖြစ်ပွားနေသည့် လှုပ်ရှားမှုများကို စောင့်ကြည့်ရန်ဖြစ်သည်ဟု တောင်အာရှဆိုင်ရာလေ့လာသုံးသပ်သူ ဟွာယန်းက ပြောသည်။ ရဲစခန်းများသည် တရားမဝင်ကုန်သွယ်သော တောရိုင်းတိရစ္ဆာန်ထုတ်ကုန်များနှင့် ဖူကျိုးနှင့် ချင်းထျန်း ဆိပ်ကမ်းများသို့ မှောင်ခိုတင်ပို့မည့် အာဖရိကကုန်ကြမ်း ကဲ့သို့သော ကုန်ပစ္စည်းများအသွားအလာကို စောင့်ကြည့်သည်။

အာဖရိကတွင် တရုတ်တိုင်းရင်းဆေးဝါးများအတွက် တရားမဝင် တောရိုင်းတိရိစ္ဆာန်များ ရောင်းဝယ် ဖောက်ကားမှုကဲ့သို့သော အကွက်ချလုပ်ဆောင်သည့် ရာဇဝတ်မှုများတွင် တရုတ်ပါဝင်ပတ်သက်မှုရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့ပြင် တရုတ်သည် အာဖရိကကို လွှမ်းခြုံနိုင်ရေးအတွက် ဂျီဘူတီတွင် အမြန်တုံ့ပြန်ရေးတပ်ဖွဲ့ကို စခန်းချရန် ရေတပ်အခြေစိုက်စခန်းတစ်ခုကိုလည်း တည်ဆောက်ထားသည်။ အဆိုပါ အခြေစိုက်စခန်းတွင် စစ်သား ၁၀ ၀၀၀ နေထိုင်နိုင်သည့် အကျယ်အဝန်းရှိပြီး စစ်သား ၁ ၀၀၀ သာ တပ်စွဲရမည်ဟူသော တရုတ်-ဂျီဘူတီ သဘောတူညီချက်ကို ဗြောင်ကျကျ ချိုးဖောက်ထားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က အာဖရိကတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ မတည်မည်ဟု ၂၀၁၈ ခုနှစ်အစောပိုင်းက ကြေညာခဲ့သည်။

တရုတ်သည် အာဖရိကအား လိုအပ်သော ရန်ပုံငွေများဖြင့် ဖွံ့ဖြိုးတိုးတက်ရေးရှုထောင့်အားဖြင့် ကူညီကောင်းကူညီနိုင်သော်လည်း အဆိုပါငွေကြေးထောက်ပံ့မှုနှင့် ဆက်စပ်သည့် ရက်စက်ကြမ်းကြုတ်သော တရုတ်၏ရေရှည်စီမံချက်များသည် အာဖရိက၏အချုပ်အခြာအာဏာကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု Reportika သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required