ပြည်ပမှ လျှပ်စစ်ကား တင်သွင်းရာတွင် အခွန်ကောက်ခံခြင်းမရှိဟုဆို

ပြည်ပမှ လျှပ်စစ်ကား တင်သွင်းရာတွင် အခွန်ကောက်ခံခြင်းမရှိဟုဆို

(မဇ္ဈိမ)။ ။လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle – BEV) အမျိုးအစားအတွက် အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသည့် အကောက်ခွန်နှုန်းထားအား စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့​၏ ဆုံးဖြတ်ချက်ဖြင့် သုညရာခိုင်နှုန်း (0%) ကို လျှော့ချထားကြောင်းသိရသည်။

လျှပ်စစ်သုံးယာဉ်အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Built Up-CBU စနစ်၊ Completely Knocked Down-CKD စနစ် နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် လျှပ်စစ်သုံးယာဉ်များအား အခွန်ကောက်ခံခြင်းမရှိဟု

စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါအမိန့်ကြေညာစာသည် နိုဝင်ဘာ ၂ ရက်မှစတင်၍ ၂၀၂၃ ခုနှစ်၊မတ် ၃၁ ရက်အထိ အကျိုးသက်ရောက်မည်ဟုဆိုသည်။

ယာဉ်အမျိုးအစားများတွင် နောက်တွဲယာဉ်အား ဆွဲသည့်ယာဉ်၊ ၁၀ဦးနှင့် အထက် စီးနင်းနိုင်သော ခရီးသည်တင် မော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ လူစီးယာဉ်၊ သုံးဘီးယာဉ်(လူစီး)၊ သုံးဘီးတပ်ယာဉ်(ကုန်တင်)၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်စက်ဘီး၊ လူနာတင်ယာဉ်၊ ထောင်ကားနှင့်နိဗ္ဗာန်ယာဉ်တို့ ပါဝင်ကြောင်းဖော်ပြထားသည်။

အဆိုပါ လျှပ်စစ်သုံးယာဉ်များနှင့်ပက်သက်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထောက်ခံချက်ပါ အားသွင်းရုံနှင့် အားသွင်းစနစ်စသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ စက်မှုဝန်ကြီးဌာနထောက်ခံချက်ပါ လျှပ်စစ်သုံးယာဉ်များ​၏ အပိုပစ္စည်း (Spare Part)များကိုလည်း တင်သွင်းသည့် အခါ အခွန်မကောက်ရန်စီစဉ်ထားသည်ဟု သိရသည်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဘက်မှ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ နေရာ ငါးခုတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် အားသွင်းရုံ ငါးခုကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်သွားမည်ဟု ပြောကြားထားပြီး အားသွင်းရုံ တစ်ခုတွင် ၅၀ စီး အားဖြည့်နိုင်မည်ဟုဆိုထားသည်။

အားသွင်းရုံ ငါးခုကို ဇီးရိုးမိုင် အမှတ်(၃) လမ်းဆုံ၊ (၁၁၅)မိုင် ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၂) နေပြည်တော်စီလမ်းဆုံ၊ မိုင်တိုင် (၂၈၄/၄) သီးကုန်းယာဉ်ရပ်နားစခန်းနှင့် မိုင်တိုင် (၃၅၂/၃) စကားအင်းလမ်းဆုံတို့မှာ တည်ဆောက်ဖို့စီစဉ်ထားကြောင်း ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required